စစ်ကိုင်း၊ စိုက်ပျိုးရေး
ယခုကာလသည် ရာသီဥတုပူပြင်းလာ ပြီဖြစ်၍ နဂါးမောက်ခြံများ၌ အပူဒဏ်ကာကွယ်ရေးအစီအစဉ်များ စနစ်တကျ လုပ်ဆောင်သင့်ကြောင်း နဂါးမောက်စိုက်ပျိုးရေး ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရသည်။
“နဂါးမောက်ပင်က ရာသီဥတုပူလွန်းရင် မကြိုက်ဘူး။ ဒါကြောင့် စီးပွားဖြစ်စိုက်ပျိုးတဲ့ခြံတွေအနေနဲ့ နဂါးမောက်ပင်အတွက် အဆင်ပြေစေတဲ့ ရာသီဥတုမျိုးရရှိအောင် စနစ်တကျချိန်ညှိပေးနိုင်ရင် အပင်တွေ အတွက် ပိုပြီးကောင်းပါတယ်။ အခုလိုမျိုး အပူချိန်များတဲ့ကာလတွေဆိုရင် ခြံတွင်းမှာ အပူချိန်လျှော့ချပေး နိုင်ဖို့ လိုအပ်တယ်။ အပေါ်ကနေ ဇာစိမ်းပါးနဲ့ အမိုးမိုးပေးတာ လုပ်ပေးသင့်တယ်။ နောက်ပြီး မြေကြီး အစိုဓာတ်ကိုလည်း ထိန်းနိုင်အောင် လုပ်ပေးဖို့လိုအပ်တယ်။ ရေကိုပုံမှန်ထက် အကြိမ်ရေတိုးပြီး ပေးဝေ တာမျိုးလုပ်သင့်တယ်။ အပင်ခြေရင်းကို ကောက်ရိုးတွေလည်း အုပ်ပေးထားသင့်တယ်”ဟု စစ်ကိုင်းတိုင်း ဒေသကြီးရှိ မိဘမေတ္တာအော်ဂဲနစ် စိုက်ပျိုးမွေးမြူရေးခြံမှ စီမံအုပ်ချုပ်သူ ဦးသန်းမြင့်က ပြောသည်။
မေလကုန် ဇွန်လဆန်းကာလသည် နဂါးမောက်ပင်များ အဖူးဖူးမည့်ကာလဖြစ်၍ အဖူးဖူးချိန်၊ ပန်းပွင့်ချိန် နောက်မကျစေရန် ခြံရှင်များအနေဖြင့် အပင်အားဖြည့် ခြင်းများကို ကြိုတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ရာသီဥတုကပူတယ်။ မိုးရွာသွန်းမှုကလည်း နည်းတယ်။ ဒီလိုမျိုးဖြစ်နေတဲ့အခါအပွင့်ပွင့်ဖို့အတွက်အပြင် အပင်အားရှိအောင်နဲ့ ရောဂါတွေမကျရောက်အောင် လုပ်ဆောင်ပေးနေကြပါတယ်။ အညွန့် အတက်တွေ ချန်ထားပြီး မလိုအပ်တဲ့ကိုင်း တိုတွေကို ဖြတ်တောက်ပေးရတယ်။ ဓာတုဆေးဝါးနဲ့ ဓာတ်မြေသြဇာတွေကို အတတ်နိုင်ဆုံးလျှော့ချ သုံးစွဲသင့်ပါတယ်။ ရာသီဥတုမျှတတဲ့ဒေသတွေမှာတော့ ပုံမှန်စောင့်ရှောက်မှုတွေနဲ့ တင် လုံလောက်ပေမယ့် ရာသီဥတုမမျှတတဲ့ ဒေသတွေကျတော့ အပင်ပြုစုစောင့်ရှောက်မှုလုပ်ငန်းစဉ်တွေမှာ ပိုပြီးဂရုစိုက်လုပ်ဆောင်ပေးမှသာ လာမယ့်နဂါးမောက်ရာသီမှာ အသီးအထွက်နှုန်း မထိခိုက်မှာပါ”ဟု ဦးသန်းမြင့်က ပြောသည်။
နန်းထက်ထက်ချစ်