ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာများကို တိုးမြှင့်ပေး

ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာများကို တိုးမြှင့်ပေး

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏  လစာများကို တိုးမြှင့်ပေးရန် စက်တင်ဘာ ၁၃ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ထိုသို့လစာများတိုးမြှင့်ပေးရန် အတည်ပြုခြင်းသည်  လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် ထိုလုပ်ဆောင်ချက်သည် အာဏာရပါတီကို လူထုထောက်ခံမှုပိုရစေရေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း   ဝေဖန်ရေး သမားများကပြောသည်။

လွှတ်တော် ရွေးကောက်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုရွေးကောက်ပွဲတွင် အာဏာရပါတီ ဖြစ်သည့်   ညီညွတ်သော ရုရှားပါတီက မဲအများစုကိုရရှိမည်ဟု မျှော်မှန်းထားသည်။

ယခုကဲ့သို့ လစာတိုးမြှင့်ပေးရန် အမိန့်ကို သမ္မတရုံး၏ ဝက်ဆိုက်တွင် ဖော်ပြထားခြင်းဖြစ်ပြီး ၂ဝ၂၂ ခုနှစ်နှင့် ၂ဝ၂၃ ခုနှစ်တို့တွင် ဖြစ်လာနိုင်သော ငွေကြေးဖောင်းပွမှု ထက်ပိုသည့် ပမာဏဖြင့် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လစာများကို တိုးမြှင့်ပေးသွားရန် ထိုအမိန့်တွင် ဖော်ပြထားသည်။

တိုးမြှင့်ပေးသည့် လစာမှာ မည်မျှဖြစ်သည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိသော်လည်း ထိုသို့လစာတိုးပေးခြင်းသည် ညီညွတ်သော ရုရှားပါတီက သြဂုတ်လတွင်ကျင်းပသော အစည်းအဝေး၌ ပူတင်၏ ကတိပြုမှုကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

ပူတင်သည်   ပြီးခဲ့သည့်လကလည်း မီးသတ်သမား၊ ရဲတပ်ဖွဲ့ဝင်၊ အစိုးရရှေ့နေ နှင့် စစ်သည် တစ်ဦးချင်းစီအတွက် ဂုဏ်ပြုငွေ အဖြစ် ရူဘယ် ၁၅ဝဝဝ ပေးရန် အတည်ပြု သတ်မှတ်ပေးထားပြီးဖြစ်သည်။   ထိုသို့ ပေးအပ်ရခြင်းသည် အဆိုပါ ဝန်ထမ်းများ အနေဖြင့် လူမှုရေး လိုအပ်ချက်များကို ကာမိစေရန်ဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

အလားတူ ပူတင်သည် ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုတို့ကို ခံစားရသည့်  ပင်စင်စားများကိုလည်း   ထိုသို့ ထောက်ပံ့ပေးအပ်သွားမည်ဟု   ကတိပြုထားသည်။

ထိုကဲ့သို့သော လစာများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခြင်းသည် မဲဆွယ်စည်းရုံးခြင်းဖြစ်သည်ဟု ဝေဖန်ရေးသမားများက ပြောသော်လည်း ယခုပေးအပ်မှုများသည် ရွေးကောက်ပွဲနှင့်  မည်သည့်နည်းနှင့်မျှ မသက်ဆိုင်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

ပူတင်သည် ၁၉၉၉ ခုနှစ်မှစ၍ ယနေ့အချိန်အထိ  သမ္မတအဖြစ်သော် လည်းကောင်း၊  ဝန်ကြီးချုပ်အဖြစ်သော်လည်းကောင်း  တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိအာဏာရ ညီညွတ်သော ရုရှားပါတီကို ထူထောင်ရာတွင်  ပါဝင်ကူညီခဲ့သူ ဖြစ်ကြောင်း သိရသည်။