ရုရှား၌ ပြုလုပ်နေသော လွှတ်တော် ရွေးကောက်ပွဲများတွင် ပြည်ပစွက်ဖက်မှုများ ရှိဟုဆို

ရုရှား၌ ပြုလုပ်နေသော လွှတ်တော် ရွေးကောက်ပွဲများတွင် ပြည်ပစွက်ဖက်မှုများ ရှိဟုဆို

ရုရှားနိုင်ငံ၌ လက်ရှိပြုလုပ်နေသော သုံးရက်ကြာလွှတ်တော် ရွေးကောက်ပွဲများတွင်  ပြည်ပနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုများ ရှိနေကြောင်း  ရုရှားရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၈ ရက်တွင်ထုတ်ပြန်သည်။

စက်တင်ဘာ ၁၉ ရက်တွင်ပြီးစီးမည့် အဆိုပါရွေးကောက်ပွဲတွင်  မဲပေးပိုင်ခွင့် ရှိသူများက  အွန်လိုင်းမှတစ်ဆင့် မဲပေးနိုင်ပြီး ရွေးကောက်ပွဲ ပြုလုပ်နေစဉ်အတွင်း ဆိုက်ဘာတိုက်ခိုက်မှု သုံးကြိမ်နှင့် ရင်ဆိုင်ရကာ ထိုတိုက်ခိုက်မှုများကို ပြည်ပနိုင်ငံများကလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကပြောသည်။

ဆိုက်ဘာတိုက်ခိုက်မှုသုံးခုစလုံးသည် စက်တင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ပထမတိုက်ခိုက်မှုနှစ်ခုက  ကော်မရှင်၏ ဝက်ဆိုက်ကို တိုက်ခိုက်ခြင်းဖြစ်ကာ တတိယတစ်ခုမှာ DDoS နည်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း  ရွေးကောက်ပွဲကော်မရှင်မှ သတင်းအချက်အလက် ဆိုင်ရာဌာနမှူး အလက်ဇန်းဒါးဆိုကိုချက် ကပြောသည်။

အဆိုပါတိုက်ခိုက်မှုများသည် အလွန်ပြင်းထန်ကြောင်းနှင့် နောက်ထပ် ဖြစ်ပေါ်လာနိုင်သည့် တိုက်ခိုက်မှုများ အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း အလက်ဇန်းဒါးဆိုကိုချက်၏  ပြောဆိုမှုကို ကိုးကား၍ ဒေသတွင်း သတင်းဌာန တစ်ခုက ဖော်ပြထားသည်။

အနောက်နိုင်ငံများမှ လူမှုမီဒီယာများက ရုရှားနိုင်ငံ၌ အကျဉ်းကျနေသည့် နိုင်ငံရေးသမား တစ်ဦးဖြစ်သော အလက်ဆီနာဗယ်နီနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ဖော်ပြခြင်းဖြင့် ရုရှားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နေကြောင်း ရုရှားအစိုးရ တာဝန်ရှိသူများက ပြောထားသည်ဟု သိရသည်။