ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော်    ဇွန်   ၉   

ရုရှား- မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပနိုင်ရေးအတွက်  အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့   မွန်းလွဲပိုင်းတွင်   နေပြည်တော် ရုံးအမှတ် (၁)  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးသို့ မြန်မာဘက်မှ ရုရှား-မြန်မာ အစိုးရ အချင်းချင်း  ကုန်သွယ်ရေးနှင့်   စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဥက္ကဋ္ဌ   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးနှင့် ပူးတွဲကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပူးတွဲကော်မရှင် ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက  အဖွင့်အမှာစကား ပြောကြားပြီး ပူးတွဲကော်မရှင်၏  အတွင်းရေးမှူးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် က ရုရှား-မြန်မာနှစ်နိုင်ငံ အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ရေးဆွဲထားခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့  တက်ရောက်လာကြသူများက သက်ဆိုင်ရာ ဌာနအလိုက်  ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 

အစည်းအဝေးတွင် ရုရှား-မြန်မာ နှစ်နိုင်ငံ အချင်းချင်း ကုန်သွယ်ရေးနှင့်  စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး တွေ့ဆုံညှိနှိုင်းမှု အစီအစဉ် ကျင်းပရေးကိစ္စရပ်များကို လည်းကောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရေးဆွဲမှုဆိုင်ရာ လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။