ရေကြီးမှုကြောင့် နေအိမ်၌ သောင်တင်နေသူများကို ကယ်ဆယ်ရန် ထိုင်းကယ်ဆယ်ရေး သမားများ ရုန်းကန်နေရ

ရေကြီးမှုကြောင့် နေအိမ်၌ သောင်တင်နေသူများကို ကယ်ဆယ်ရန် ထိုင်းကယ်ဆယ်ရေး သမားများ ရုန်းကန်နေရ

ထိုင်းကယ်ဆယ်ရေး အဖွဲ့သည် နိုင်ငံအရှေ့မြောက်ပိုင်း၌ ရေကြီးမှုကြောင့် နေအိမ်များတွင် သောင်တင်နေသူများကို ကယ်ဆယ်ရန် ရုန်းကန်နေရကြောင်း သိရသည်။

အပူပိုင်းမုန်တိုင်း ဒီယန်မူကြောင့် နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် မြောက်ဘက်မြေနိမ့်ပိုင်းရှိ ပြည်နယ် ၃ဝ ၌ ပြီးခဲ့သည့်သီတင်းပတ်တွင် ရေကြီးမှုများ ဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးနေသည့် အပြင် အိမ်ခြေနှစ်သိန်းနီးပါး ရေဘေးသင့်သည်။

စက်တင်ဘာ ၂၉ ရက်တွင် လိမ္မော်ရောင် ဦးထုပ်များနှင့်   အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားသော ကယ်ဆယ်ရေးသမားများ အနေဖြင့်    ချိုင်ယာဖမ်းပြည်နယ်ရှိ နေအိမ်ခေါင်မိုးများတွင် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရေး အတွက် ရေမြုပ်နေသောလမ်းများတွင် လှေများဖြင့် သွားလာနေရသည်။ ထို့ပြင် Hook 31 အမည်ရှိ ကယ်ဆယ်ရေးအဖွဲ့က လူမှုမီဒီယာတွင် တင်ထားသော ဗီဒီယိုအရ ၎င်းတို့အနေဖြင့် စွန့်ပစ် ကားများ၏ ပြတင်းပေါက်များအထိ မြင့်သည့် ရေစီးကြောင်းကို အန်တုကာ   ဂရုတစိုက် သွားလာနေရသည့် အပြင် အချို့မှာ ကလေးများကို ကျောတွင်ပိုးပြီး အချို့မှာ လမ်းပြကြိုးများ တစ်လျှောက် သက်ကြီးရွယ်အိုများကို လိုက်ပါ စောင့်ရှောက်နေသည်ကို တွေ့ရသည်။

အလားတူ တာဝန်ရှိသူများသည် ဘန်ကောက်နှင့်  အနီးဝန်းကျင် ဒေသများကို ရေလွှမ်းမိုးနိုင်သော ချောင်ဖရာယာမြစ်ရေ မြင့်တက်လာမှုနှင့် ပတ်သက်၍သတိပေးချက်များ ထုတ်ပြန်ထားသည်။

အစိုးရတာဝန်ရှိသူများက ၎င်းတို့အနေဖြင့် ထိုရေကြီးမှု အခြေအနေကို ထိန်းသိမ်းနိုင်ပြီး    ၂ဝ၁၁ ခုနှစ်တွင် ဖြစ်ပွားသော လပေါင်းများစွာကြာ ဆိုးဝါးသည့် ရေကြီးမှုမျိုးနှင့်    ထပ်မံကြုံရမည် မဟုတ်ကြောင်း အားပေးထားသည်။                

Ref: TST