ရေရရှိရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး

ရေရရှိရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး

၀န်းသို၊ ရေရရှိရေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း  ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်၊ မွမ်းမံဘတ်ဂျက် တို့ဖြင့် ကျေးရွာပေါင်းခုနစ်ရွာတွင် ရေရရှိရေးလုပ်ငန်း စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေး လျက်ရှိရာ အဆိုပါလုပ်ငန်းများ အချိန်မီပြီးစီးအောင်မြင် နိုင်ရေးအတွက် ဇူလိုင် ၁၇ ရက်က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် သိန်းသန်းရတီကုမ္ပဏီမှ ခွင့်ပြု ငွေကျပ် ၁၀ ဒသမ ၃၈ သန်းဖြင့်  တာဝန်ယူဆောင်ရွက်လျက်ရှိသော ချမ်းမြသီတာကျေးရွာ စက်ရေတွင်း တူးဖော်ပြီးစီးခြင်း လုပ်ငန်း၊ တွင်းဆေးခြင်း၊ ရေထွက်နှုန်း စမ်းသပ်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက စစ်ဆေး ကြပြီး ရေစက်ရုံတည်ဆောက်ရန်အတွက် ကျေးရွာ ရေကော်မတီနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ကြသည်။

ဝန်းသိုမြို့နယ်အတွင်း ရေရရှိရေးလုပ်ငန်းဆောင် ရွက်နေသည့် ကျေးရွာ ခုနစ်ရွာအနက် ဒုန်းဒုတ်ကျေးရွာ၊ အင်းပုဒ်ကုန်းကျေးရွာနှင့် ခပ်ချိုကျေးရွာတို့တွင် လုပ်ငန်း အားလုံး   ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊  ကျူတောကျေးရွာ၊ နောင်ကွင်းကျေးရွာ၊ ချမ်းမြသီတာ ကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ပြီးစီး၍ ဆက်စပ် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ရှိသည့် မြိုင်ဇေယျာကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း အောင်မြင်မှုမရှိသဖြင့် ရေရရှိရေး လုပ်ငန်းပြောင်းလဲ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျော်မြိုင်