ရော်ဘာအရည်အသွေးနှင့် ဈေးကွက်ကောင်းရရှိရေး တောင်သူငယ်များ စုပေါင်းထုတ်လုပ်ရောင်းချသည့်စနစ် ဖော်ဆောင်ရန်လိုအပ်
ရော်ဘာအရည်အသွေးနှင့် ဈေးကွက် ကောင်းရရှိရေး တောင်သူငယ်များ စုပေါင်း ထုတ်လုပ်ရောင်းချသည့်စနစ် ဖော်ဆောင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်၏ပြောဆိုချက်အရ သိရသည်။
အဆိုပါစနစ်ဆောင်ရွက်ရာတွင် အုပ်စုတစ်စုလျှင် ရော်ဘာစိုက်ဧက ၅၀၀ ခန့်ရှိသည့် တောင်သူငယ် ၂၅၀ မှ ၃၀၀ ခန့်ပါဝင်သော သမဝါယမအသင်းပုံစံဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ပါက အဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
တောင်သူငယ်တွေက ရော်ဘာအရည် အသွေးကောင်းရရှိဖို့လုပ်ချင်တယ်။ ဒါပေမဲ့ လိုအပ်တဲ့စက်တွေဝယ်ဖို့ ငွေကြေးမတတ်နိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့က ဧက ၅၀၀ မှာ တောင်သူငယ် ၂၅၀ ရှိမလား၊ ၃၀၀ ရှိမလား စုလိုက်မယ်။ သမဝါယမအသင်းပုံစံမျိုးပေါ့။ ငွေကြေးအတူထည့်ကြပြီး တစ်ဦးကို ငွေကျပ် ငါးသိန်းလောက် ဧကအလိုက် အသီးသီးထည့်ဝင်ပြီးတော့ လိုအပ်တဲ့ငွေကို အစိုးရက ပံ့ပိုးပေးမယ်ဆိုရင် အဆင်ပြေမယ်။
အဲဒါဆိုရင် နိုင်ငံတကာကိုရောင်းတဲ့အခါမှာ ကျွန်တော်တို့က ခပ်တင်းတင်းရောင်းလို့ရမှာဖြစ်ပါတယ်။ အခုက နိုင်ငံတကာကိုရောင်းတဲ့အခါ အရည်အသွေးကောင်းပြန်ရင်လည်း အရေအတွက်မလိုက်နိုင်ဘူး။ နိုင်ငံတကာကိုရောင်းတဲ့အခါ အာမခံစနစ်နဲ့ရောင်းရတယ်။ တစ်လကို တန် ၅၀၀ တစ်နှစ်ပတ်လုံးရောင်းရမယ်ဆိုပြီး စာချုပ်ချုပ်ထားရတယ်။ အဲဒီလိုစာချုပ်ချုပ်ထားပြီးတော့ ကိုယ်က တစ်လကို တန် ၁၀၀၊ ၂၀၀ လောက်ပဲရောင်းနိုင်တယ်ဆိုရင် အဲဒီစက်ရုံတစ်ရုံလုံးစာကိုလျော်ရတယ်။ အဲဒီတော့ ကျွန်တော်တို့က အရည်အသွေးလည်းကောင်းပြီး အရေအတွက်လည်းရပြီဆိုရင် အဆင်ပြေနိုင်ပြီ}}ဟု ဦးခိုင်မြင့်ကပြောသည်။
လက်ရှိအချိန်ထိ မြန်မာ့ရော်ဘာဈေးနှုန်းမှာ ထုတ်လုပ်သည့်အရည်အသွေးမတူညီမှုများကြောင့် ကမ္ဘာ့ပေါက်ဈေးအောက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၄၀၀ ခန့်သာရရှိနေချိန်တွင် ကမ္ဘာ့ရော်ဘာထုတ်လုပ်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၌ ယင်းစနစ်ဖြင့် ကျင့်သုံးဆောင်ရွက်လျက်ရှိရာ အရည်အသွေးပိုင်းဆိုင်ရာကောင်းမွန် သောကြောင့် ကမ္ဘာ့ပေါက်ဈေးထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ မှ ၃၀၀ ခန့်အထိ ပိုမိုရရှိနေကြောင်း သိရသည်။
နေနေ