ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တစ်နိုင်ငံလုံးရှိ ဘုရား၊ ပုထိုး၊ စေတီများအား ဖေဖော်ဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖူးမြော်နိုင်

ရွှေတိဂုံစေတီတော်မြတ်ကြီး ဖူးမြော်ကြည်ညိုနိုင်ရေး ရဟန်းရှင်လူ ဘုရားဖူးပြည်သူများသို့ ပန်ကြားလွှာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်ပွားနေသည့်အတွက် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၉-၄-၂၀၂၀ ရက်နေ့မှစ၍ ဘုရားဖူးမြော်ခွင့် ၁၀ လကျော်ကြာ ယာယီရပ်ဆိုင်းခဲ့ရာမှ ယခုအချိန်အခါတွင် COVID-19 ရောဂါကာကွယ်၊ တားဆီးရေး၊ ကုသရေးလုပ်ငန်းစဉ်များကြောင့်  ရောဂါကူးစက်ပျံ့နှံ့မှုအား အတိုင်းအတာ တစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများ၊ စေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်အရ ဘုရား၊ ပုထိုး၊ စေတီများအား အချိန်၊ လူဦးရေကန့်သတ် ချက်များဖြင့် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ၈-၂-၂၀၂၁ ရက်နေ့မှစ၍ ပြန်လည် ဖူးမြော် ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လူစုလူဝေးဖြင့် အလှူအတန်းပြုလုပ်ခြင်းများအား ခွင့်မပြုသေးပါကြောင်း ရဟန်း ရှင်လူဘုရားဖူးပြည်သူများအား ပန်ကြားအပ်ပါသည်-

ရဟန်းရှင်လူ ဘုရားဖူးပြည်သူများအား ဖူးမြော်နိုင်ရေး ဆောင်ရွက်သွားမည့်အစီအစဉ်

(၁) ၈-၂-၂၀၂၁ ရက်နေ့နှင့် ၉-၂-၂၀၂၁ ရက်နေ့များတွင် ရဟန်းသံဃာ၊ သီလရှင်များဖူးမြော်နိုင်ရေး ဦးစား ပေးခွင့်ပြုသွားပါမည်၊

(၂)        ၁၀-၂-၂၀၂၁ ရက်နေ့တွင် အသက်အရွယ်ကြီးရင့်သူများ၊ မသန်စွမ်းပြည်သူများ ဖူးမြော်နိုင်ရေး ဦးစား ပေးခွင့်ပြုသွားပါမည်၊

(၃)       ၁၁-၂-၂၀၂၁ ရက်နေ့မှစ၍ ရဟန်းရှင်လူများနှင့် ပြည်သူများဖူးမြော်နိုင်ရေး ခွင့်ပြုသွားပါမည်၊

(၄)       ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြော်ရာတွင် နေ့စဉ်နံနက် ၀၆ ၀၀ အချိန်မှ ၀၇ ၀၀ အချိန်အထိ လည်းကောင်း၊  နံနက် ၀၈ ၀၀ အချိန်မှ ၀၉ ၀၀ အချိန်အထိလည်းကောင်း၊ နံနက် ၁၀ ၀၀ အချိန်မှ မွန်းလွဲပိုင်း ၁၁ ၀၀ အချိန်အထိလည်းကောင်း၊ နံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲပိုင်း ၁၃ ၀၀ အချိန်မှ ၁၄ ၀၀ အချိန်အထိ လည်းကောင်း၊ မွန်းလွဲပိုင်း ၁၅ ၀၀ အချိန်မှ ၁၆ ၀၀ အချိန်အထိလည်းကောင်း၊ ညနေ ၁၇ ၀၀ အချိန်မှ ၁၈ ၀၀ အချိန်အထိလည်းကောင်း၊ မွန်းလွဲပိုင်း ၃ ကြိမ် ဖူးမြော်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တစ်ကြိမ် လျှင် ၅၀၀ ဦးနှုန်းဖြင့် တစ်ရက်လျှင် ၆ ကြိမ် စုစုပေါင်း ၃၀၀၀ ဦး ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်ပါသည်၊

(၅) တစ်ကြိမ်လျှင် အရှေ့ဘက်စောင်းတန်းမှ ၂၀၀ ဦး၊ အနောက်ဘက်စောင်းတန်းမှ ၁၅၀ ဦး၊ တောင်ဘက် စောင်းတန်းမှ ၅၀ ဦးနှင့် မြောက်ဘက်စောင်းတန်းမှ ၁၀၀ ဦး၊ တစ်ကြိမ်လျှင် စုစုပေါင်း ၅၀၀ ဦး ဖူးမြော်နိုင် မည်ဖြစ်ပါသည်၊

(၆)       သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများမှအပ ဓာတ်လှေကားဖြင့် တက်ရောက်ခြင်းခွင့်မပြုသေးပါ၊

(၇)       ဘုရား၊ ပုထိုး၊ စေတီများဖူးမြော်ချိန်အဖြစ် ဘုရားဖူးရန် တစ်ကြိမ်လျှင် ၁ နာရီခွင့်ပြုမည်ဖြစ်ပါသည်၊

(၈)       ဘုရားဖူးပြည်သူများသည် အသင့်ပြုလုပ်ထားသော Form များတွင် ကိုယ်ရေးအကျဉ်း(အမည်၊ အဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ)အား ဖြည့်စွက်ပေးရမည်ဖြစ်ပါသည်၊  ပိုမိုမြန်ဆန်စေရေးအတွက်  ၎င်းကိုယ်ရေးအကျဉ်းကို မိမိအစီအစဉ်ဖြင့် ကြိုတင်ရေးသားယူလာနိုင်ပါသည်၊

(၉)       ဘုရားဖူးပြည်သူများသည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား တက်ရောက်လာသည့်မုခ်ဦးများမှသာ ပြန်လည်ထွက်ခွာရမည် ဖြစ်ပါသည်။

ရဟန်းရှင်လူ ဘုရားဖူးပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ

(၁) ဖျားခြင်း(ကိုယ်အပူချိန် ၁၀၀.၄ HF ၃၈ H C ထက်ကျော်လွန်ခြင်း)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊  ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း စသည့် COVID-19 သံသယလက္ခဏာ တစ်ခုခုရှိနေလျှင် ဘုရား ဖူးလာရောက်ခြင်း လုံးဝမပြုရပါ၊

(၂)        ဘုရားဖူးပြည်သူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေတပ်ဆင်လာရမည်၊ အသက်(၆၀) အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဆီးချို၊ သွေးတိုး စသည့်နာတာရှည်ရောဂါ အခံရှိသူများ အနေဖြင့် မျက်နှာအကာ (Face Shield) များကိုပါ တွဲဖက်၍တပ်ဆင်လာရပါမည်၊

(၃)       ဘုရားဖူးပြည်သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဖုန်းနံပါတ်များကို သတ်မှတ် Form များနှင့်  မှတ်တမ်းစာအုပ်များတွင် မှတ်တမ်းတင်ထားရှိခြင်းလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ရမည်၊

(၄)       ဘုရားဖူးပြည်သူများအနေဖြင့် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာသတိပေးချက်များနှင့် နှိုးဆော်ချက်များကို တိကျစွာလိုက်နာရမည်၊

(၅)       ဘုရားသို့ စတင်ဝင်ရောက်ခြင်းမပြုမီ၊ ဘုရားရှိခိုးပြီးသည့်အခါတိုင်း (လက်ကို ကြမ်းပြင် (သို့မဟုတ်) ဘုရားရင်ပြင်နှင့် ထိတွေ့ပြီးသည့်အခါ)နှင့် ဘုရားဖူးပြီး၍ ဘုရားမှထွက်သည့်အခါတွင် စောင်းတန်း အဝင်ဝ၊ ဘုရားရင်ပြင်နှင့် ထွက်ပေါက်များရှိ လက်ဆေးဘေစင်များတွင် ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ကို အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောခြင်း (သို့မဟုတ်) အယ်လ်ကိုဟောအနည်းဆုံး   (၆၀%)ပါဝင်သော  ရေမလိုလက်သန့်စင်ဆေးရည်(Hand Sanitizer) အသုံးပြုခြင်းတို့ကို ဆောင်ရွက်ပါ၊

(၆)       ဘုရားရှိခိုးပြီးတိုင်း (လက်ကို ကြမ်းပြင် (သို့မဟုတ်) ဘုရားရင်ပြင်နှင့် ထိတွေ့ပြီးတိုင်း)  လက်ကို စနစ်တကျ ချက်ချင်းပြန်လည် ဆေးကြောနိုင်ရန် အယ်လ်ကိုဟောအနည်းဆုံး (၆၀%)ပါဝင်သော ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer)ဘူးသေးများ ယူဆောင်လာ၍ အသုံးပြုရမည်၊

(၇)       စောင်းတန်းဝင်ပေါက်များ၌ တာဝန်ရှိသူများက Non-contact thermometer (သို့မဟုတ်) Thermal Scanner များဖြင့် အပူချိန်တိုင်းတာခြင်းကို ခံယူရမည်၊

(၈)       ဘုရားဖူးပြည်သူများအနေဖြင့် စောင်းတန်းဝင်/ထွက်ပေါက်များနှင့် ရင်ပြင်ပေါ်တို့တွင်   တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာ တက်ရောက်/ဖူးမြော်နိုင်ရေး သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ တိကျစွာ လိုက်နာရမည်၊

(၉)       ဘုရား၊ ပုထိုး၊ စေတီများ၏ ပရိဝုဏ်အတွင်းရှိ ဇရပ်၊ တန်ဆောင်းများ၌ အချိန်ကြာမြင့်စွာပူဇော်ခြင်း၊ ခေတ္တနားနေခြင်း၊ ဝိုင်းဖွဲ့စားသောက်ခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းတို့ကို လုံးဝရှောင်ကြဉ်ရမည်၊

(၁၀)     ဘုရားဖူးပြည်သူများအနေဖြင့် အသုံးပြုပြီးပါးစပ်နှင့် နှာခေါင်းစည်း(Mask)နှင့်  တစ်ခါသုံး တစ်ရှူး စက္ကူများကို အဖုံးပါသော အမှိုက်ပုံးများအတွင်းသို့ စနစ်တကျစွန့်ပစ်ရမည်၊

(၁၁)     ဘုရား၊ ပုထိုး၊ စေတီများသို့ ကုသိုလ်ယူသွားရောက်ခဲ့ပြီးနောက် (၇)ရက်အတွင်း ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့်ရောဂါ လက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှုခံယူရပါမည်။

တိုင်းဒေသ ကြီး/ပြည်နယ်ရှိ ဘုရား၊ပုထိုး၊စေတီများ ဖူးမြော်နိုင်မည့် အစီအစဉ်

(၁) ၈-၂-၂၀၂၁ ရက်နေ့မှစ၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိဘုရား၊ ပုထိုး၊ စေတီများကို ဖူးမြော်ကြည်ညိုခွင့်ပြုသွားမည်ဖြစ်ပါသည်၊

(၂)        ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖူးမြော်ကြည်ညိုရမည်ဖြစ်ပါသည်၊

(၃)       နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရှိ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ဆောင်ရွက်ရမည့်အချက်များအတိုင်း လိုက်နာ ဆောင်ရွက် ရမည်၊

(၄)       နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရှိ ဘုရား၊ ပုထိုး၊ စေတီဂေါပက အဖွဲ့ဝင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ၃၃ ချက်အား ဂေါပကအဖွဲ့များက တာဝန်ယူဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်သည်၊

(၅)       သက်ဆိုင်ရာ ဘုရား၊ ပုထိုး၊ စေတီဂေါပကအဖွဲ့များအနေဖြင့် နေပြည်တော်၊တိုင်းဒေသကြီး/ ပြည်နယ်  စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်နှင့်ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန