နေပြည်တော် ဖေဖော်ဝါရီ ၂ဝ
COVID-19 ရောဂါဖြစ်ပေါ်မှု အခြေ အနေများကြောင့် ဗုဒ္ဓဘာသာ ဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရား ဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပြန်လည်ဖွင့်လှစ် ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ သမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး တို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက် ရှိကြသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ်နံနက် ၆ နာရီမှ ၇ နာရီအထိလည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီ အထိ လည်းကောင်း၊ နံနက် ၁ဝ နာရီမှ ၁၁နာရီအထိလည်းကောင်း နံနက်ပိုင်း သုံးကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ လည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိ လည်းကောင်း ဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ်ဘာသာရေး ကျောင်းများ၊ ခရစ်ယာန် ဘာသာရေး ကျောင်းများနှင့် ဟိန္ဒူဘာသာရေး ကျောင်းများကိုလည်း သက်ဆိုင်ရာ ဘာသာများအလိုက် အများပြည်သူ ဝတ်ပြုကြည်ညိုနိုင်ရေးအတွက် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာ ဘာသာဝင်များက စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက် ရှိကြောင်း သတင်းရရှိသည်။