ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၈) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်း ပူဇော်ပွဲကို မေ ၂၅ ရက်တွင် စေတီ တော်ရင်ပြင် အင်္ဂါထောင့် မဟာဗောဓိ ညောင်ပင်၌ ကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း၏ ပြောဆိုချက် အရ သိရသည်။
အဆိုပါ အခမ်းအနားကို COVID-19 ရောဂါစည်းကမ်းချက်များနှင့် အညီ ကျင်းပ မည်ဖြစ်ပြီး ဘုရားဖူးလာ ပြည်သူများ ရင်ပြင်တော်ထောင့် လေးထောင့်ရှိ မဟာ ဗောဓိညောင်ပင်များ၌ လွယ်ကူစွာ ညောင်ရေသွန်းလောင်း ပူဇော်နိုင်ရန် ဝန်ထမ်းများ က ကုသိုလ်ယူ ကူညီဆောင်ရွက်ပေးရန် စီစဉ်ထားသည်။
''ရွှေတိဂုံစေတီတော်ရင်ပြင်မှာ ဗောဓိ ပင်က အင်္ဂါထောင့်မှာတစ်ပင်၊ ဗုဒ္ဓဟူး ထောင့်မှာတစ်ပင်၊ စနေထောင့်မှာတစ်ပင်၊ ရာဟုထောင့်မှာတစ်ပင်၊ တနင်္ဂနွေထောင့် မှာတစ်ပင် အားလုံးငါးပင်ရှိပါတယ်။ အဲဒီ ငါးပင်စလုံးကို အများပြည်သူတွေ ညောင် ရေသွန်းလောင်းလို့ရအောင် စီစဉ်ပေးမှာ ပါ။ ရေသွန်းလောင်းဖို့ အိုးတွေကို တစ်နေရာကို အလုံး ၄ဝဝ နှုန်းနဲ့ စုစုပေါင်း ညောင်ရေအိုး ၂ဝဝဝ စီစဉ်ထားပါတယ်။ အချိန်ကိုလည်း ကန့်သတ်မထားပါဘူး။ နံနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားမှာပါ'' ဟု ဦးဘိုးသင်းက ပြောသည်။
ကဆုန်လပြည့်နေ့ နံနက် ၅ နာရီတွင် စေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ဆွမ်းတော်ကြီးတင်လှူခြင်း၊ နံနက် ၆ နာရီတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ သြဝါဒါစရိယဆရာတော်ကြီးများကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၆ နာရီခွဲတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ သြဝါဒခံယူပွဲ အခမ်းအနားများပြုလုပ်ပြီး ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို နံနက် ၇ နာရီခွဲတွင် ရင်ပြင်တော်အ င်္ဂါထောင့်ရှိ ဗောဓိညောင်ပင်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။