ရွှေလက်ဖြင့် ခေါ်နေပါသည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ ဧပြီ ၂၇ ရက်)

''နိုင်ငံ့ဝန်ထမ်းများမှာ မိမိတို့ လုပ်ဖော်ကိုင်ဖက်များသာဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် အခြားအချိန်တွင် မိမိနှစ်သက်ရာကို ဆန္ဒမဲပေးနိုင်သော်လည်း တာဝန်ချိန်တွင် နိုင်ငံတော်အတွက်သာ ဦးတည် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ကြိုက်နှစ်သက်သည်၊ မကြိုက်နှစ်သက်သည် ရှိမည်ဖြစ်ကြောင်း၊ ယင်းကို ဒီမိုကရေစီ ကျင့်စဉ်အရ လက်ခံကြောင်း၊ သို့သော်လည်း အခြားအချိန်တွင် ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း'' ၂ဝ၂၁ ခုနှစ်  ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး(၃/၂ဝ၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။

ဝန်ထမ်းသည် ဝန်ထမ်းသာဖြစ်သည်။ ပါတီနိုင်ငံရေးသမား မဟုတ်သလို လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်လာစရာ အကြောင်းမရှိပါ။ နိုင်ငံ့အရေးကို ထမ်းဆောင်နေရသူသာဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆(က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။ (ခ)နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင် အာမခံချက်ရရှိရေး၊ စားဝတ်နေမှု ဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့် ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေးတို့ အတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းရမည်ဟူ၍ ဖော်ပြထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဝန်ထမ်းများ လိုက်နာရမည့် အဓိကအချက်ကို ပြဋ္ဌာန်းထားသလို ဝန်ထမ်းများအတွက် အခွင့်အရေးကိုလည်း သတ်မှတ်ပေးထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကို စေ့စေ့စပ်စပ် သေသေချာချာ လေ့လာသင့်သည်။ ဘာ့ကြောင့် သည်အခြေအနေမျိုး ဖြစ်ပေါ်လာရသလဲ အမှန်မြင်သင့်ပေပြီ။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု တစ်ခုတည်းဖြင့် မိမိတို့၏ ဘဝကို မကျဆုံးစေချင်ပါ။ ထိုပုဂ္ဂိုလ်၏ လုပ်ရပ်များမှန်၊ မမှန်ကို တဖြည်းဖြည်း သိသာထင်ရှားစွာ ကြားသိနေရပြီ ဖြစ်ပါသည်။ အစိုးရ အခက်အခဲဖြစ်အောင် CDM ပြုလုပ်လို့ မိမိတို့ဘဝ၊ မိမိ မိသားစုဘဝ တိုးတက်သာယာ သွားသူ၊ သိန်းပေါင်းများစွာ ချမ်းသာသွားသူ ဝန်ထမ်းဟူ၍တစ်ယောက်မျှ မတွေ့မမြင်မိသေးပါ။ လှုံ့ဆော် စည်းရုံးသူတို့ အနေဖြင့် ''ငါတို့မှာ ကုမ္ပဏီအကြီးကြီး ထောင်ထားတယ်။ အစိုးရ အလုပ်မလုပ်နဲ့။ ငါတို့ကုမ္ပဏီမှာတစ်သက်လုံး ခန့်ထားပေးမယ်''ပြောပြီး အမှန်တကယ် ခန့်ထားပေးတယ် ဆိုတာမျိုးလည်း မတွေ့ဖူးသေးပါ။

ကာတွန်းဆရာတစ်ဦး ရေးသော ကာတွန်းလေးကို သတိရမိသည်။ လူတစ်ယောက်က CDM လုပ်ဖို့ ဆွဲဆောင်စည်းရုံးနေသည်။ အဲမှာတစ်ယောက်က မေးသည်။ '' CDM လုပ်တဲ့သူတွေကို မင်းကုမ္ပဏီမှာ ခန့်ထားပေးပါလား''တဲ့။ တစ်ယောက်က ပြန်ဖြေသည်။ ''ရေမီးတိုက်တာ၊ အိမ်ရာမှာထား၊ ဖယ်ရီကားနဲ့ ရုံးသွားနေရတာတောင် အဲဒီအလုပ်မှာ သစ္စာမရှိတဲ့သူကို ငါ့ကုမ္ပဏီမှာ ဘယ်လိုစိတ်ချလို့ အလုပ်ပေးရမှာလဲ''တဲ့။ CDM လုပ်တဲ့ ဝန်ထမ်းတွေအတွက် အဖြေမှန်ပါပဲ။ အစိုးရအပေါ် သစ္စာဖောက်လို့ ချမ်းသာတဲ့ ဝန်ထမ်းမရှိပါ။ နောက်ကွယ်က မြှောက်ပေးသူတွေသာ ချမ်းသာနေပါသည်။

လူတိုင်းသည် မှားတတ်ပါသည်။ ထိုအမှားကို အချိန်မီပြုပြင်နိုင်လျှင် လူကောင်းဖြစ်သွားသည်။ မနှစ်က တစ်နှစ်လုံး COVID-19 ရောဂါကြောင့် အလုပ်အကိုင် မရှိသူတွေ ဒုက္ခရောက်သည်။ ဣန္ဒြေမပျက် စားသောက်နိုင်သည်မှာ ဝန်ထမ်းများသာဖြစ်သည်ကို ဝန်ထမ်းများ အသိဆုံးဖြစ်သည်။ CDM လုပ်လို့ အစိုးရအနေနဲ့ ကြီးမားသော အခက်အခဲရှိမည်မဟုတ်ပါ။ ဝန်ထမ်းအသစ်များ ခန့်လိုက်လျှင် အဆင်ပြေသွားမည်ဖြစ်သော်လည်း နိုင်ငံတော်စီမ အုပ်ချုပ်ရေး ကောင်စီသည် သဘောထား ကြီးမားစွာဖြင့် နိုင်ငံ့ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြရန် ဖိတ်ခေါ်နေဆဲဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဧပြီ ၂၂ ရက်က ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၅/၂ဝ၂၁)၌ ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ကြရန် ပြောကြားရာတွင် ''ဝန်ထမ်းများအား CDM ပြုလုပ်ရန် ခြိမ်းခြောက်နေသူများအား သတင်းပို့တိုင်ကြားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထုတ်ပြန်ထားပြီး ခြိမ်းခြောက်သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CDM ပြုလုပ်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့လုပ်ငန်းခွင်သို့ အမြန်ဆုံးပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ပါက နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုပါကြောင်း''ပြောကြားခဲ့သည်။

CDM ပြုလုပ်နေသော ဝန်ထမ်းများ သေချာစဉ်းစား ဆုံးဖြတ်ကြစေချင်ပါသည်။ ရွှေလက်နဲ့ လက်ကမ်းကြိုနေချိန်တွင် ရဲရဲဝံ့ဝံ့ လုပ်ငန်းခွင်သို့ ပြန်လာသင့်ပါသည်။ စကားလေးတစ်ခွန်း ပါးလိုက်ချင်သည်။ နောင်တဆိုသည်ကား ဘယ်တော့မှ စောသည်မရှိပါ။ နောင်တဆိုသည်မှာ နောက်ကျခြင်း၏ ရလဒ်၊ ဆုံးရှုံးခြင်း၏ အဓိပ္ပာယ်၊ ဝမ်းနည်းခြင်း၏ အထိမ်းအမှတ်သာဖြစ်ပါသည်။ အချိန်လွန်မှ တရသော နောင်တမဖြစ်ရအောင် မိမိတို့ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြပါရန် စေတနာရှေ့ထား ရေးသားလိုက်ရပေသည်။   ။