မေး။ ။ ဆရာကြီးရှင့် ကျွန်မအမျိုးသား အတွက် မေးမြန်းခွင့်ပြုပါရှင့်။ အမျိုးသား က အသက် ၃၂ နှစ်ပါ။ သွေးတိုးလို့ အင်္ဂလိပ်ဆေးသောက်နေရတာ သုံးနှစ် ကျော်ရှိပါပြီ။ နှလုံးဆေးလည်း တွဲသောက် ရပါတယ်။ လူက ပိန်ပါတယ်ရှင့်။ လွန်ခဲ့တဲ့ ငါးလလောက်ကတည်းက ရင်ဘတ်အပေါ် ပိုင်းမှာ အမြဲတမ်းပူနေပါတယ်။ လေချဉ် တက်ရင်တော့ အနည်းငယ်သက်သာပါ တယ်ရှင့်။ သိရှိလိုတာက ဘာကြောင့် အဲ့လိုဖြစ်နေတာပါလဲ။ ဘာရောဂါဆက်ပြီး ဖြစ်လာနိုင်ပါသလဲ။ မြန်မာဆေးအနေနဲ့ တွဲဖက်မှီဝဲသင့်ပါသလား။ ဘယ်လိုပြုမူ နေထိုင်သင့်ပါသလဲဆိုတာကို မေတ္တာ ရှေ့ထား ဖြေကြားပေးစေလိုပါတယ်ရှင့်။
ဖြေ။ ။ အစာအိမ်မှာ လေပူရှိပြီး နှလုံး လေရိုက်လို့ပါ။ သွေးတိုးရောဂါကြောင့် နှလုံးသွေးကြောများ ရောင်တတ်ပါတယ်။ ရင်ဘတ်လည်း အောင့်တတ်ပါတယ်။ တိုင်းရင်းဆေးအယူအဆကတော့ လေပူ လွန်ပြီး သွေးတိုးဆိုတာဖြစ်လာတာပါ။
အချို့ဆရာကြီးများက သွေးတိုးကို လေတိုး လို့လည်း မှတ်ယူကြပါတယ်။ ဝါယောဆိုတဲ့ လေဓာတ်ဟာ ခန္ဓာကိုယ်ကို ထောက်ကန် ပေးပါတယ်။ သွားလာထိုင်ထဖို့၊ အကြော တွေမှာ လေလျှောက်ဖို့၊ သွေးကြောတွေ မှာ သွေးသွားလာဖို့၊ စီးဆင်းဖို့အတွက် ဝါယောက ထောက်ကန်ပေးပါတယ်။ တွန်းပို့ပေးပါတယ်။ လေစာအစားများတဲ့ သူတွေမှာ ဝါယောဓာတ်လွန်ပြီး ဆောင့်တိုးလို့ သွေးတိုး ရောဂါဖြစ်လာတယ်လို့ ယူဆပါတယ်။ နှလုံးဆိုတဲ့ ဟဒယဝတ္ထုဟာ ခန္ဓာကိုယ်အနှံ့အပြားကို သွေးရောက်အောင် တွန်းပို့ပေး တဲ့စက်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း သွေးကြောများနဲ့ တည်ဆောက်ထားတာပါ။ လေပူကြောင့် သွေးများပူပြီး သွေးကြော မှာဆောင့်တွန်း တဲ့အခါ နှလုံးသား ဟဒယဝတ္ထုကိုယ်တိုင်ကလည်း ရောင်လာတတ်ပါတယ်။ အောင့်လာတတ်ပါတယ်။ ပူလာတတ်ပါတယ်။ အဲ့ဒါကို နှလုံးအောင့်၊ နှလုံးပူ၊ ရင်ဘတ်အောင့်ရောဂါလို့ အမျိုးမျိုးပြောကြ ပါတယ်။ အဓိကကတော့ နှလုံးလေရိုက် တာကို ကုသရမှာပါ။ လေစာများဖြစ်တဲ့ အချဉ်၊ အစပ်၊ အငန်၊ အခါးများကို ဆင်ခြင်စားသုံးရပါမယ်။ လေပူစာဖြစ်တဲ့ ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ ကြက်ဟင်းခါး၊ လက်ဖက်၊ ဝက်သားစတဲ့အစာများကို တစ်နေ့တည်းမှာ နှစ်မျိုးတွဲဖက် စားသုံးခြင်းမပြုလုပ်ရပါ။ အစာအိမ်မှာ လေပူဖြစ်ပြီး အာဟာရစုပ်ယူတဲ့အခါ လေပူဖောင်းများပါသွားပြီး နှလုံးလေရိုက် လို့ပါ။ တိုင်းရင်းဆေးများကို အချိန်ခြားပြီး အနောက်တိုင်းဆေးနဲ့ တွဲဖက်စားသုံးနိုင် ပါတယ်။ အစာကြေဆေး၊ အစာအိမ်လေပူ ကျဆေး၊ အပူငြိမ်းသွေးဆေး၊ နှလုံးအပူငြိမ်း ဆေးစတဲ့ တိုင်းရင်းဆေးများကို တတ်ကျွမ်း နားလည်တဲ့ တိုင်းရင်းသမားတော်များထံမှာပြသပြီး စားသုံးနိုင်ပါတယ်။ ဓာတ်စာ လည်းစားနိုင်ပါတယ်။ “စပ်၊ ဖန်၊ အခါး လေကိုပွား” လို့ဆိုတာကြောင့် အဆိုပါ အရသာရှိတဲ့အစာများကို ရှောင်စား လျှော့စားသင့်ပါတယ်။ နောက်တစ်နည်း ကတော့ ညအိပ်ရာဝင် ဒူးအထက်က အောက် ရေလောင်းခြေဆေးပေးခြင်း အားဖြင့် အပူအထက်တက် သက်သာစေပါတယ်။ ညအိပ်ရာဝင် ရှောက်ရည်နဲ့ ပျားရည်ရောစပ်သောက်သုံးပေးရင်လည်း နှလုံး လေရိုက် သက်သာပြီး ကောင်းစွာ အိပ်ပျော်စေနိုင်ပါတယ်။
မေး။ ။ ဆရာကြီးခင်ဗျာ ကျွန်တော့် အသက် ၄၁ နှစ်ပါ။ ရုံးလုပ်ငန်းလုပ်တဲ့ ဝန်ထမ်းပါ။ စာရေးစာဖတ်များပါတယ်။ ယခုနှစ်ထဲရောက်မှ စာကြာကြာကြည့်ရင် ကြည့်မကောင်းတော့ပါ။ ကြည့်တဲ့အချိန် ကြာလာတာနဲ့အမျှ မျက်စိကစပ်သလိုမျိုးဖြစ်ပြီး မျက်ရည်ထွက် ချင်ပါတယ်။ ကြာကြာအာရုံစိုက်လို့မရပါ။ မျက်မှန်စစ်ဆေးတော့လည်း သူငယ်အိမ် စောင်းခြင်းမရှိလို့ ပြောပါတယ်။ မျက်စိ အတွက် သင့်လျော်မယ့် တိုင်းရင်းဆေးများရှိရင် စွဲစားလိုပါတယ်။ သင့်လျော်တဲ့ ဆေးနည်းများ ပြောပြပေးစေလိုပါတယ် ခင်ဗျ။
ဖြေ။ ။ မျက်စိက အသက် ၄၀ ကျော်ရင်တော့ အဝေးမှုန်ရော အနီးမှုန်ပါ စပြီး ဖြစ်လာတတ်ပါတယ်။ စာရေးစာဖတ် များသူ ဆိုရင်တော့ ပိုဆိုးတာပေါ့။ စာကြည့် တဲ့အခါ တောက်လျှောက်အနားမယူဘဲ မျက်စိကို အသုံးမပြုသင့်ပါ။ တစ်နာရီ အသုံးပြုပြီးတိုင်း ၁၀ မိနစ်ခန့် မျက်စိကို အနားပေးပါ။ အဝေးမှ စိမ်းစိုသောအရာများကို ကြည့်ပေးပါ။ မျက်စိအတွင်း စားဆေးအနေနဲ့ တိုင်းရင်း ဆေးခန်းသုံး ဆေးအမှတ်(၁၂)စက္ခုပါလဆေးပြားကို ညအိပ်ရာဝင်တိုင်း စားပေးပါ။ ဆေးပြား ဆိုလျှင် ၄ ပြား အကယ်၍ ဝမ်းချုပ်လျှင် ၆ ပြားအထိ စားသုံးနိုင်ပါတယ်။ တိုင်းရင်း ဆေးခန်းများနဲ့ ပရဆေးဆိုင်များမှာ မေးဝယ်ပါ။ မျက်စိက ကြွက်သားအားနည်းလို့ မျက်ရည်ကျတဲ့အတွက်တော့ ကျားမနိုင်နွယ်မြစ်သွေးပြီး မျက်စိကွင်းပေးပါ။ မန်ကျည်းခေါက် သို့မဟုတ် မန်ကျည်းပနီ ခေါက်ကို သွေးပြီး ကွင်းပေးရင်လည်း မျက်ရည်ပူကျ သက်သာတယ်လို့ဆိုပါ တယ်။ ခြေထောက်မှ အခိုးများပိတ်ပြီး ဖနောင့်ကွဲခြင်း၊ အထက် သို့ အပူတက်၍ မျက်ရည်ကျခြင်းဖြစ်ရင်တော့ ညအိပ်ရာဝင်ခါနီးမှာ ခြေဖဝါးဆားပွတ်ပြီး ဒူးအထက် မှအောက် ရေအေးလောင်းပြီး ခြေဆေးပေးရင် အပူအထက်တက်တာ သက်သာ စေပါတယ်။ မျက်စိကြည်စေပါတယ်။ မျက်စိတိမ်ဖြစ်ခြင်းမှလည်း ကာကွယ်ပါ တယ်။ ရေရှည်လုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်။
မေး။ ။ ဆရာကြီးရှင့် သမီးညီမလေးက ASO များနေပါတယ်။ ခြေတွေလက်တွေ လည်းကိုက်ပါတယ်။ ဆရာအားတဲ့အချိန် လေး ဘာဆေးစားရမလဲ ဖြေကြားပေးပါရှင့်။
ဖြေ။ ။ ASO ၂၃၃ က သိပ်မများပါ။ ၃၀၀ ကျော်မှ လေးဖက်နာခေါ်တာပါ။ ဝမ်းတွင်းသား၊ အသည်းအမြစ်များရှောင်ပါ။ ပဲရာဇာ ဟင်းချိုချက်သောက်ပါ။ ASO က ခန္ဓာကိုယ်က ပိုးကိုထွက်တိုက်တဲ့ ခုခံအားကို ပြတာလို့ ဆရာဝန်ကြီးများက ရေးသားတာ ဖတ်ရှုရဖူးပါတယ်။ ရောဂါသက်သာနေပေမယ့် ASO က တိုင်းလိုက်ရင် အရင်အတိုင်းပဲ ပြနေတတ်တယ်လို့ဆိုပါတယ်။ အဓိကက မိမိဝေဒနာ သက်သာ၊ မသက်သာ မိမိခံစားချက် သက်သာ၊ မသက်သာကိုသာ ကြည့်ရှုပြီး ဆေးကိုသောက်ပါ။ အထူး သဖြင့်တော့ လေးဖက်နာသမားတွေမှာ ဖြစ်လေ့ရှိတဲ့ အကိုက်အခဲပျောက်ဆေး အသောက်လွန်ကဲမှုကြောင့်ဖြစ်တဲ့ နောက် ဆက်တွဲရောဂါ ဥပမာအားဖြင့် အစာအိမ် နှင့်အူလမ်းကြောင်း သွေးယိုစီးတဲ့ရောဂါ မဖြစ်ဖို့ လိုအပ်ပါတယ်။ ဂရုစိုက်ပါ။ အစာအိမ်ဆေး၊ လေပူကျဆေးများသောက်ပါ။ ပျားရည်ကိုလည်း တစ်နေ့ ဟင်းစားဇွန်းတစ်ဇွန်းသောက်ပေးပါ။ ပျားရည်ဟာ အစာအိမ်အရောင် ကျစေပြီး ကိုယ်ခံအား ကိုလည်း မြင့်တက်စေပါတယ်။ လေးဖက် နာကိုက်ခဲရောဂါများဟာ အပူနာအုပ်စုမှာ ပါဝင်တာမို့ နေ့စဉ် ရေမှန်မှန်ချိုးပေးဖို့လည်း လိုအပ်ပါတယ်။ ရေချိုးပြီးတဲ့အခါခန္ဓာကိုယ်တစ်ခုလုံး အထူးသဖြင့် အဆစ် အမျက်များကို ကရမက် သို့မဟုတ် တောင်တန်ကတိုးသွေးလိမ်းပေးရင် လေး ဖက်နာအဆစ်အမျက်ကိုက်ခဲနာများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကရမက်လိမ်းခြင်းဖြင့် ဆေးပူလည်းမဟုတ်၍ အဆစ်များတုတ်ခိုင်ခြင်း၊ ကွေးကောက်ခြင်းမှ ကာကွယ်စေနိုင်ပါတယ်။
မေး။ ။ ဆရာခင်ဗျာ ကျွန်တော် နေမကောင်းလို့ ဖျားဖျားနေလို့ ဆေးစစ် ပြီး ဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်မှာ ရေအနည်း ငယ်ရှိတယ်လို့ပြောပါတယ်။ ရင်ဘတ်လည်း အနည်းငယ်အောင့်ပါ တယ်။ အင်္ဂလိပ်ဆေးလည်း အထူးကုပြပြီးသောက်နေပါတယ်။ တိုင်းရင်းဆေးလည်း သောက်ချင်ပါတယ်။ သင့်လျော်မယ့် ဆေး နည်းလေးများပေးစေလိုပါတယ်။
ဖြေ။ ။အဆုတ်အအေးပတ်တာ၊ ရေဝင်တာ၊ အဆုတ်မှာ ရေငွေ့ရှိတာ ကာကွယ် ဖို့အတွက် ချင်းပြုတ်ရည် တစ်နေ့မတ်ခွက် တစ်လုံးသောက်ပေးပါ။ ကန်စွန်းရိုးနီ၊ ကုန်းကန်စွန်းပြုတ်ရည်သောက်ရင်လည်း အဆုတ်အားနည်းတာသက်သာပါတယ်။ ချောင်းခြောက်ဆိုးရင် ရင်ကျပ်ရင်တော့ ဇော်ဂျီတောင်ဝှေး အရွက်ပြုတ်ရည်မှာ ဒိုဘာလာသကြား ခေါ် မှန်ရောင်သကြားခဲ အနည်းငယ် ထည့်ပြုတ်ပြီး တစ်နေ့မတ်ခွက်နှစ်လုံးသောက်ပေးပါ။ အဆုတ်မှာ ပိုးဝင်ရင်တော့ လောက်သေရွက် ပြုတ်ရည် သောက်ပေးရင် ပိုးသေစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်း နံနက်စောစောလေကောင်းလေသန့်ရရှိတဲ့နေရာမှာ ပြုလုပ်ပေးပါ။ တမာပင် တန်းက တိုက်ခတ်တဲ့လေကိုရှူပေးရင်လည်း အဆုတ်အားကောင်းစေတယ်။ အဆုတ်ရောဂါပျောက်စေတယ်လို့ အဆိုရှိပါ တယ်။
မေး။ ။ မင်္ဂလာပါဆရာရှင့်။ ကျွန်မအသက်က ၂၈ ပါ။ ထိပ်ကပ်နာဖြစ်တာငါးနှစ်ကျော်ပါပြီရှင့်။ ဖြစ်လိုက်ပျောက် လိုက်ပါ။ ခေါင်းလျှော်ပြီး နောက်နေ့နှာစေးပြီး အနံ့မရတော့ပါဘူး။ ယနေ့အထိလည်း နှာခေါင်းအရင်းထဲမှာခဲပြီး နေရတာ အဆင်မပြေပါ ဘူးရှင့်။ နားတွေလည်း အရမ်းအူပါတယ်ရှင့်။ ကိုဗစ်ကလည်းမပျောက်သေးတော့ အထင်မှားခံရမှာကြောက်လို့ပါ။ အရင်ဖြစ်တုန်း ကတော့ တစ်ခါမှ အနံ့မပျောက်ဖူးပါဘူးရှင့်။ ထိပ်ကပ်နာကြောင့် အနံ့ပျောက်ရင် အနံ့ပြန်ရနိုင်ပါသလား ဆရာရှင့်။ အနံ့ပြန်ရဖို့ ဘယ်လောက်ကြာတတ်ပါသလဲ။ ဘာတွေလုပ်ရမလဲ လမ်းညွှန်ပေးပါဦး ဆရာရှင့်။
ဖြေ။ ။ ထိပ်ကပ်နာဖြစ်လျှင် ရေရှူပါ။ မျက်နှာသစ်ပြီးနောက် ရေကိုလက်ခုပ်နှင့် ရှူသွင်းပါ။ နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ။ အကျင့်ရရင် ရှူသွင်းတတ်လာပါလိမ့်မယ်။ ချင်းတက်ပါးပါးလှီးပြီး ရေနွေးမတ်ခွက် တစ်လုံးမှာ စိမ်ပြီး အငွေ့ကိုရှူပြီး တဖြည်း ဖြည်းသောက်ပေးရင် ထိပ်ကပ်နာသက်သာတယ်လို့ဆိုပါတယ်။ ထိပ်ကပ်နာအတွက်ထူးခြားစွာ ပျောက်ကင်းစေနိုင်တဲ့ နည်းတစ်နည်းကတော့ ကင်ပွန်းသီးခြောက်ကို ကျောက်ပျဉ်မှာ ရေသန့်နဲ့ ပျစ်ပျစ်ကလေးသွေးပြီး နှာခေါင်း တွင်းသို့ဝင်အောင် ထည့် ပေးရပါတယ်။ သုတ်လိမ်းပေးရပါတယ်။ အသက်အောင့်ပြီး လိမ်းပြီးတဲ့အခါ နှာချေ သလိုဖြစ်ပြီး အထဲမှာ နှပ်ပုပ်များ၊ အချွဲများ ထွက်ကျလာတတ်ပါတယ်။ တစ်နေ့တစ်ကြိမ် တစ်ပတ်ခန့်ပြုလုပ်ပေးရင် ထိပ်ကပ်နာအပြင် နှာခေါင်းအတွင်းမှ အသားပိုအသီး ထွက်တဲ့ရောဂါများပါ ပျောက်ကင်းနိုင်ကြောင်း လက်တွေ့ပျောက်ကင်းသူမှာ ပြောပြ၍ မှတ်သားရဖူးပါသည်။ ကင်ပွန်း သီးသည် ခေါင်းလျှော်ရည်နှင့် တွဲသုံးရုံ သာမက ထိပ်ကပ်နာ၊ နှင်းခူနာများပါ ပျောက်ကင်းနိုင်သော ဆေးဖက်ဝင် အသီးမျိုးဖြစ်ပါတယ်။ စမ်းသပ်ကြည့်ပါ။ ။
ကြည်လွင်မြင့်(မုဒြာ)