မေး။ ။ဆရာရှင့် သမီးအသက် ၂၆ နှစ်ပါရှင့်။ စကားပြောရင် တစ်မိနစ်မပြောရသေးဘူး သွားရည်တွေထွက်နေလို့ ခဏခဏ မျိုချနေရပါတယ်ရှင့်။ ပါးစပ်ကို ဟလို့မရဘူး။ ဟလိုက်ရင် ပုံမှန်သွားရည်ထွက်တာထက်ကိုပိုပြီး သွားရည်တွေ အများကြီး ထွက်နေပါတယ်ရှင့်။ သမီးကို ဆေးနည်းလေးပြောပြပေးပါဦးရှင့် ကျေးဇူးတင်ပါတယ်ရှင့်။ သမီးမှာလူကြားထဲ စကားပြောရင် သွားရည်ထွက်မှာစိုးလို့ သတိထားပြောရတာကြောင့် အခက်အခဲများစွာ တွေ့ရပါတယ်။ ကျေးဇူးပြု၍ သမီးရောဂါ ပျောက်အောင် ကူညီပေးပါရှင့်။
ဖြေ။ ။ သွားရည်ကျတဲ့အတွက် ဂုံခါးကိုငုံထားပေးရတယ်ပြောပါတယ်။ ကွမ်းစားရင်ထည့်တဲ့ ဂုံခါးပါ။ ပရဆေးဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ စမ်းကြည့်ပါ။ နောက်တစ်နည်း- ကွက္ကရာ ခေါ် ဆေးပင်တစ်မျိုးကို ပရဆေးဆိုင်မှာဝယ်ယူလျှင်ရနိုင်ပါတယ်။ ရှမ်းပြည်ဘက်မှာ စိုက်ပျိုးတဲ့အပင်မျိုးဖြစ်ပြီး လျှာထုံပင်လို့လည်း အရပ်ခေါ် ခေါ်ကြပါတယ်။ ၎င်းင်းကွက္ကရာပင် အခြောက်မှုန့်ကို လျှာပွတ်ပေးရင် သွားရည်ကျရောဂါပျောက်ကင်းစေပါတယ်။ လူငယ်နာလျှာပွတ်ဆေးတွေမှာလည်းထည့်သွင်းအသုံးပြုပါတယ်။ တိုင်းရင်း ဆေးဖုံအနေနဲ့ ဝယ်ယူသောက်သုံးချင်ရင်တော့ တိုင်းရင်းဆေးအမှတ်(၂၅) မတဲမြင့်မိုရ်ကုန်းဆေးကြီးကို ဝယ်ယူပြီး အမှုန့်ဆိုရင် ကော်ဖီဇွန်းငယ် တစ်ဇွန်းမှနှစ်ဇွန်း၊ ဆေးပြားရိုက်ထားတဲ့ Tablet ဆိုရင် လေးပြားနေ့စဉ် အစာစားပြီး တိုင်းသောက်သုံးပါ။ အဆိုပါ မတဲမြင့်မိုရ်ကုန်းဆေးမှာလည်း လျှာထုံဆေးဖြစ်တဲ့ ကွက္ကရာဆေးမှုန့်ပါဝင်ပါတယ်။ မတဲမြင့်မိုရ်ကုန်း ဆေးမှုန့်ကို လေဖြတ်လျှာပွတ်ဆေးအဖြစ် လေဖြတ်ပြီးနောက်စကားမပီ လျှာမသိမ်းနိုင်ဘဲ သွားရည်ကျနေတဲ့သူတွေကို လျှာအရင်း ထိနှိုက်ပွတ်ပေးရင် ပျောက်ကင်းစေနိုင်တဲ့ ဆေးကြီးဖြစ်ပါတယ်။ မတဲမြင့်မိုရ်ကုန်းဆေးကို တိုင်းရင်းဆေးခန်းဆေးဆိုင်တွေနဲ့ ပရဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။
မေး။ ။ ဆရာမင်္ဂလာပါ။ မေးခွင့်ပြုပါရှင့်။ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်ရိုးကိုက် ခဏခဏဖြစ်ပါတယ်။ ကိုက်တဲ့အခါ ပါးရိုးနဲ့နားရွက်ဆုံရာအကြောထိ ကိုက်ပါတယ်။ လက်မောင်းကြွက်သား၊ ပခုံး၊ ဇက်ကြော၊ပေါင်ရင်းကြော၊ ခြေသလုံးကြွက်သား၊ ခြေလက်ကြားကြောများကိုက်ပါတယ်။ သွေးပေါင်လည်း ကျတတ်ပါတယ်။ တစ်နှစ်မှာသုံးကြိမ်ခန့် ခေါင်းမလှုပ်နိုင်အောင် သေမတတ်မူးပါတယ်။ လည်ပင်းလည်း ကြီးတယ်လို့ထင်ပါတယ်။ မနက်ထသည်မှစလို့ လူကအိပ်ရေးမဝပင်ပန်းနွမ်းနယ်နေပြီး တစ်နေ့တာ ကိစ္စများကို မနည်းအားမွေးလုပ်ဆောင်ရပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။
ဖြေ။ ။ ဇက်ကျီးပေါင်းစစ်ကြည့်ပါ။ ဘာအလုပ်လုပ်လဲ ခေါင်းငုံ့စာကြည့်လုပ်ရရင် တင်းသလား။ လည်ပင်းက အစာစားရင် သီးဖူးသလား။ သီးရင်တော့ ဆရာဝန်ပြပြီး သိုင်းရွိုက်စစ်ကြည့်ပါ။ ကျီးပေါင်းအတွက် ဇက်လေ့ကျင့်ခန်းလုပ်ပါ။ ကြပ်ထုပ်ထိုးပါ။ ကျီးပေါင်းအတွက် ပရဆေးဆိုင်မှာ မိဿလင်အမြစ်ခြောက်ကို ဝယ်ပြီးအမှုန့်ကြိတ်ထား ပိတ်စကြမ်းနဲ့ နှစ်ထပ်ထုပ်ပြီး အထုပ်ကို ရေနွေးငွေ့ခံပြီး ဇက်မှာကြပ်ထုပ်ထိုးပေးပါ။ အပူမလောင်အောင် မုန်ညင်းဆီ သို့မဟုတ် နှမ်းဆီလိမ်းပြီးမှ ကြပ်ထုပ်ထိုးရင် ပိုကောင်းပါတယ်။ အနှိပ်မခံပါနဲ့။ ကြမ်းတမ်းတဲ့အနှိပ်ကြောင့် ကျီးပေါင်းနဲ့အကြောညပ်ပြီး ရောင်တတ်ပါတယ်။ တောရှောက်မြစ်၊ ဝံအူမြစ်များ သွေးလိမ်းရင်လည်း သက်သာစေနိုင်ပါတယ်။
မေး။ ။ ဆရာ ကျွန်မသားလေးအသက် ၁၇ နှစ်ပါ။ အစာစားနေစဉ် လေ ခဏခဏတက်ပါတယ်။ အစာများများစားရင် ပျို့တတ်ပါတယ်။ တစ်ခါတလေ အန်တောင်အန်ပါတယ်။ သွေးစစ်အစာအိမ်စစ်တော့လည်း ကောင်းတယ်ပြောပါတယ်။ အခုထိဖြစ် နေတုန်းပါ။ ဘာဆေးများသောက်ရမလဲ ဆရာ။ အကြံဉာဏ်ပေးပါ။ ရပ်ဝေးနေတဲ့အတွက် အခက်အခဲဖြစ်နေပါတယ်။
ဖြေ။ ။ ရှောက်ရည်နဲ့ပျားရည်စပ်တိုက်ပါ။ လေပူကျဆေးတိုက်ပါ။ ရှောက်သီးမရှိပါက သံပယိုသီးဆိုရပါတယ်။ မရရင်တော့ ပျားရည်ကိုပဲ ရေနွေးနဲ့ဖျော်ပြီးအအေးခံတိုက်ပါ။ အစာအိမ်မှာ လေပူရှိတာပါ။
မေး။ ။ အခုဆံပင်တွေလည်း တအားကျွတ်တယ်။ ခြေဖဝါးတွေလည်း အောင့်တယ်။ အလုပ်ကလည်း တစ်နေကုန်ထိုင်ရတဲ့ အလုပ်ဆိုတော့ ဆရာဆေးကျမ်းတွေပြန်ရှာဖတ်မိတယ်။ အဲဒီမှာ ဆားနင်းရမှာကို သွားတွေ့တယ်။ ဆားကိုညဘက်အိပ်ရာမဝင်ခင် နင်းလို့ရပါသလားဆရာ။ နင်းပြီး ရေထိလို့ရပါသလားရှင့်။ရေမချိုးခင်နဲ့ ညအိပ်ရာဝင်နဲ့ အမှတ်မှားပြီးရောနေ လို့ပါ။ ရေမချိုးခင်က ဒူးအထက်ကနေရေလောင်းပြီးတာနဲ့ ချိုးလို့ရပြီလား ပါးစပ်ရေငုံပေးရဦးမှာလားဆရာ။ ဆရာရဲ့ ဓာတ်စာဟင်းချက်နည်းလေးတွေ ရုံးမတက်တဲ့နေ့ဆို အေးအေးဆေးဆေး ချက်စားမိတာ လေးနှစ်လောက်ရှိပြီဆရာ။ ရန်ကုန်ကဆိုတော့ လူလာမပြနိုင်ပေမယ့် ဆရာ့ဆေးဆွေ အမြဲဖတ်ပြီးလုပ်ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။
ဖြေ။ ။ ဆံပင်ကျွတ်တာ လေပူအထက်တက်လို့ပါ။ ဆားနင်းပေးပါ။ ရေမချိုးခင်နင်းပါ။ ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ပါ။ အိပ်ရာဝင်ဒူးအထက်မှ အောက်ရေလောင်းခြေဆေးပေးရင် အပူအထက်တက်တာ သက်သာပါတယ်။ လေပူကျဆေး၊ အပူငြိမ်းဆေး၊ တိုင်းရင်းဆေးအမှတ် ၁၂ စက္ခုပါလဆေးများစားပါ။
မေး။ ။ ဆရာကြီးရှင့် ကျွန်မ၏ညာဘက်လက် ပခုံးအရွတ်ကပ်နေတယ် အရိုးအထူးကုဆရာဝန်က ပြောပါတယ်။ ခွဲစိတ်ရမယ်တဲ့။ မခွဲချင်ပါသောကြောင့်မည်သို့ပြုလုပ်ရမည်နည်း။
ဖြေ။ ။ လက်မောင်းကပ်အကြောပြင်ဆရာနဲ့ ကုသအကြောပြင်ရင်ရပါတယ်။ လက်ကပ်၊ ကျီးပေါင်း သံပရာသီးကိုပြုတ်ပြီးထောင်း အစေ့များဖယ်ပြီး နာတဲ့နေရာမှာကပ်၊ ပတ်တီးစည်းထားပါ။ ညအိပ်ရာဝင်စည်း မနက်ထမှဖြည်ပါ။ ၁၄ ရက်စည်းကြည့်ပါ။
မေး။ ။ ဆရာကြီးမင်္ဂၤလာပါ။ ကျွန်မတူလေးမှာ အမဲသားစားမိပြီး အနာပေါက်ရာက နှင်းခူလိုဖြစ်နေပါတယ်။ ဆေးခန်းကို နှစ်ရက်တစ်ခါ ပြပါတယ်။ ဆေးခန်းက ဆေးထိုးပြီး လိမ်းဆေးတော့မပေးပါ။ သူကသနပ်ခါး သွေးလိမ်းတာကိုတွေ့ပါတယ်။ ကျွန်မလည်း အခုမှသတိထားမိပြီး ဆရာကြီးဆီ ဘာဆေးလိမ်းရင် ပျောက်မလဲဆိုတာ မေးရခြင်းဖြစ်ပါတယ်။ ကျေးဇူးပြု၍ ဆေးနည်းလေးပြောပေးပါရှင့်။
ဖြေ။ ။ နှင်းခူယားနာ-ဆင်သားရေ(ဆင်အရေပြား)ပြာချ အုန်းဆီနဲ့လိမ်းပါ။ တစ်နည်း-ငါးခူခေါင်း ပြာချရေနံချေးနဲ့ရောလိမ်း ပတ်တီးစည်းထားပါ။ တစ်နည်း-ရွှေဖရုံရွက်ပြာချ အုန်းဆီနဲ့လိမ်းပါ။ ငဖြူကြီးပင်အရွက်ပြုတ်ရည်ဖြင့် ဖန်ဆေးပြီး ရေနံချေးလိမ်း ပေးလျှင် နှင်းခူဖြစ်ခါစပျောက်သည်ဟု လက်တွေ့ပျောက်သူမှ လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသည်။
မေး။ ။ ကျွန်မဂျပန်မှာ နေတာပါဆရာ။ အသက် ၅၀ ပါ။ ခေါင်းမူးနေတာ တစ်လကျော်ပါပြီ။ ခေါင်းပိုင်း MRI ရိုက်စစ်ဆေးခြင်း၊ အာရုံကြောစစ်ဆေးခြင်း၊ နားပိုင်း၊ သွေး၊ ဆီး၊ မျက်လုံးအကုန်စစ်ဆေးပြီးပါပြီ။ ခေါင်းမူးခြင်းကို ရှာလို့ရတဲ့ ရောဂါမတွေ့ရပါ။ ဆေးရုံက ဆရာဝန်ပေးတဲ့ ခေါင်းမူးပျောက်ဆေးတွေလည်းနေ့တိုင်းပုံမှန်သောက်နေပါတယ်။ ဒါပေမဲ့ မသက်သာသေးပါဘူး။ အရင်အတိုင်း အစားအသောက်ပုံမှန်စားနိုင်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှား လမ်းလျှောက်တာနဲ့ အမြင်အာရုံတွေဝါးပြီး မူးမူးသွားတာ အလုပ်လည်း နားထားရပါတယ်။ စိတ်လည်းအလိုမကျ ခဏခဏဖြစ်တယ်။ ရာသီကတော့ အနည်းငယ်လာနေတုန်းပါပဲ။ အခု ခေါင်းမူးခြင်းကို ပျောက်စေမယ့် နည်းလမ်းသိရင်စဉ်းစားအကြံဉာဏ်ပေးပါရှင့်။ ကျေးဇူးပါ။
ဖြေ။ ။ ဇက်(လည်ပင်းရိုး)ကျီးပေါင်းကြောင့် ခေါင်းမူးတတ်ပါတယ်။ မူးရင်ချာချာလည်အောင်မူးပါတယ်။တစ်ခါတစ်ရံ နှလုံးရောဂါနဲ့ မှားတတ်ပါတယ်။ လည်ပင်းကို Cervial Spine X-ray ရိုက်စစ်ကြည့်ရင် လည်ပင်းရိုးဆစ် ခုနစ်ဆစ်မှာ ဘယ်အဆစ်တွေမှာ ကျီးပေါင်း(Spondilosis) ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။မစစ်ရသေးရင် ဓာတ်မှန်ရိုက်စစ်ဆေးကြည့်ပါ။ အမူးရောဂါက လည်ပင်းရိုးဆစ်က ကျီးပေါင်းတက်ပြီး ပွလာတဲ့ အရိုးဆစ်က ဦးနှောက်ကိုသွေးပို့တဲ့ သွေးကြောမကြီး carotid artery ကိုသွား ထိမိတဲ့အခါ ဦးနှောက်ကို သွေးရောက်နည်းပြီး ရုတ်တရက်မထင်မှတ်ဘဲ မူးဝေသွားတတ်ပါတယ်။ ကျီးပေါင်းနဲ့သွေးကြောမ မထိမိအောင် ကုသဖို့လိုအပ်ပါတယ်။ ကျီးပေါင်းပါးသွားအောင် လေ့ကျင့်ခန်းလုပ်၊ လိမ်းဆေးတွေလည်း လိမ်းဖို့လိုပါတယ်။ လနဲ့ချီပြီးလိမ်းဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်။ ကျီးပေါင်းအတွက် သောက်ဆေးက အဓိကမကျပါ။ ခေါင်းငုံ့ကြည့်တာလျှော့၊ ဖုန်းကြည့်တာလျှော့၊ ခေါင်းအုံးအမြင့် မအိပ်နဲ့ခပ်ပါးပါးအိပ်ပါ။ အထိုင်ကြာတာ၊ တီဗွီမော့ကြည့်တာလျှော့ဖို့လိုအပ်ပါတယ်။
မေး။ ။ ဆရာခင်ဗျ အဆုတ်မှာ ရေအနည်းငယ်ရှိတာ ဘာဆေးများသောက်သုံးရမလဲခင်ဗျ။
ဖြေ။ ။ ချင်းပြုတ်ရည်တစ်နေ့မတ်ခွက်တစ်လုံးသောက်ပါ။ ဇော်ဂျီတောင်ဝှေးအပင် အရွက်ပြုတ်ရည်လုပ်သောက်ပါ။ သကြားအနည်း ငယ်ထည့်ပြုတ်သောက်ပါ။ အသက်ရှူလေ့ကျင့်ခန်း နံနက်စောစောပြုလုပ်ပေးပါ။ အဆုတ်မှာ ပိုးကြောင့်အဆုတ်ပွပြီး ရေဝင်တယ် ဆိုရင်လောက်သေရွက်ပြုတ်ရည် တစ်နေ့မတ်ခွက်တစ်လုံး သောက်သုံးပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။ ။
ကြည်လွင်မြင့်(မုဒြာ)