ဗိုင်းရပ်အမျိုးအစားတစ်ခုသည် လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက်မှာ သန္ဓေပြောင်းမျိုးကွဲများ ဖြစ်ထွန်း လာလေ့ရှိပါတယ်။ ဗိုင်းရပ်ပိုးဟာ ကူးစက်ပြန့်ပွားဖို့ အခွင့်အလမ်းရလေလေ ပုံတူပွားများမှု များလေလေဖြစ်ကာ နောက်ဆုံး မှာ မူလဗိုင်းရပ်နဲ့ အသွင်ကွဲပြားတဲ့မျိုးကွဲများ ထွက်ပေါ်နိုင်ဖို့ အခွင့်အလမ်းများလေလေဖြစ်တတ်ပါတယ်။ အများစုသော ဗိုင်းရပ် သန္ဓေပြောင်းဖြစ်စဉ်များသည် ကူးစက်မှုနှင့်ရောဂါပြင်းထန်မှုပေါ် အကျိုးသက်ရောက်မှုမရှိသော်လည်း အချို့သော ပြောင်းလဲမှု ဖြစ်စဉ်များသည် ဗိုင်းရပ်၏ အဓိကကျသော မျိုးဗီဇပစ္စည်းများအပေါ်တွင် ဖြစ်ပွားပါက ကူးစက်မှုပိုမိုမြန်ဆန်စေခြင်း၊ ရောဂါ ပြင်းထန်မှုပိုများခြင်း စသည်တို့ကိုဖြစ်စေပါတယ်။ ကိုဗစ်-၁၉ ဗိုင်းရပ်ကိုလည်း မျိုးဗီဇပြောင်းလဲမှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်မှတ်တမ်းတင်ကာ ပေါ်ထွက်လာသော သန္ဓေပြောင်းမျိုးကွဲများ၏ ထူးခြားမှု ဝိသေသများအပေါ်မူတည်၍ အုပ်စုများ ခွဲခြားလေ့လာလျက်ရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်-၁၉ ဗိုင်းရပ်မျိုးကွဲများအား အဓိကအုပ်စု(၂)စု ခွဲခြားမှတ်တမ်းတင် စောင့်ကြည့်လေ့ လာလျက်ရှိပါတယ်။ ၎င်းတို့မှာ-
(က) Variants of Interest (သတိမူရမည့်မျိုးကွဲအုပ်စု)
(ခ) Variants of Concern (စိုးရိမ်ဖွယ်မျိုးကွဲအုပ်စု)
Variants of Interest (VOIs) ဆိုသည်မှာ ထူးခြားသောမျိုးဗီဇပြောင်းလဲမှုရှိသည့် ကိုဗစ်-၁၉ မျိုးကွဲတစ်ခုသည် လူ့ခန္ဓာတွင် တွယ်ကပ်နိုင်စွမ်း၊ ကာကွယ်ဆေးများ၏ အာနိသင်လျော့စေမှု၊ ကုသမှုပိုင်းတွင် ထိရောက်မှုလျော့နည်းစေမှု၊ ရောဂါရှာဖွေမှုပေါ်တွင် သက်ရောက်မှု၊ ရောဂါပိုမိုကူးစက်စေမှု၊ ရောဂါပြင်းထန်မှု၊ စသည့်အချက်များနှင့် ပတ်သက်ဆက်နွှယ်မှုရှိ နေပါက ၎င်းမျိုးဗီဇ ပြောင်းလဲမှုကို ပိုင်ဆိုင်သည့် ဗိုင်းရပ်မျိုးကွဲကို ဆိုလိုပါတယ်။
Variants of Concern(VOCs) ဆိုသည်မှာ ဗီဇပြောင်းမျိုးကွဲတစ်ခုသည် ကူးစက်မှုပိုမိုမြန်ဆန်လာခြင်း၊ ရောဂါ ပြင်းထန်မှု ပိုမိုလာခြင်း၊ ရောဂါလက္ခဏာပိုင်းဆိုင်ရာ ပြောင်းလဲမှုများဖြစ်ပေါ်စေခြင်း၊ ရောဂါကာကွယ်ရေးပိုင်းဆိုင်ရာတွင် ပိုမို၍ကန့်သတ်ချက် များရှိလာစေခြင်း၊ ရောဂါကုသရေး၊ ရှာဖွေရေးနှင့် ကာကွယ်ဆေးပိုင်းဆိုင်ရာတွင် ထိရောက်မှုများလျော့နည်းစေခြင်း စသည့် ဝိသေသများရှိကြောင်း အထောက်အထားခိုင်ခိုင်မာမာပြနိုင်သည့် ဗီဇပြောင်းမျိုးကွဲများကို ဆိုလိုခြင်းဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ကူးစက်မှုနှုန်းမြင့်မားလျက်ရှိပြီး ၎င်းပြည်နယ်ရှိ လာဟိုမြို့တွင် မျိုးဗီဇပြောင်းလဲမှုအား စောင့်ကြည့်လေ့လာသည့် သုတေသန (Whole Genome Sequencing)အား ဆောင်ရွက်ခဲ့ရာ နမူနာ ၂၃ ခုတွင် ငါးခုသည် Epsilon မျိုးကွဲဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ၎င်း Epsilon မျိုးကွဲသည် အမေရိကန်ပြည်ထောင်စုတွင် အဓိက ကူးစက်ပြန့်ပွားနေသော မျိုးကွဲဖြစ်ပါတယ်။ Epsilon မျိုးကွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ၌ စတင်တွေ့ရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်၏ Spike Protein ရှိ သုံးနေရာတွင် ပြောင်းလဲမှုရှိခဲ့သော Epsilon မျိုးကွဲသည် ကာကွယ် ဆေးများ၏ ကာကွယ်နိုင်စွမ်းကိုပါ ထိုးဖောက်နိုင်ကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ရှိရပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၎င်းမျိုးကွဲကို သတိမူရမည့်မျိုးကွဲအုပ်စု (Variants of Interest) တွင် ထည့်သွင်းဖော်ပြခဲ့ကာ ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်တွင် အထူးစောင့်ကြည့်စာရင်းသွင်းကာ နှိုးဆော်ခဲ့ပါတယ်။ Epsilon မျိုးကွဲသည် နယူးယောက်တွင် ဒုတိယ တွေ့ရအများဆုံးသော မျိုးကွဲဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံခန့်တွင် ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။
နောက်မျိုးကွဲတစ်ခုကတော့ လမ်ဘဒါ(Lambda) မျိုးကွဲဖြစ်ပါတယ်။ ၎င်းမျိုးကွဲဟာ ပီရူးနိုင်ငံမှာ စတင်တွေ့ ရှိရတဲ့ မျိုးကွဲဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့သတ်မှတ်ချက်အရ သတိမူရမည့်မျိုးကွဲများ အုပ်စုထဲမှာ ပါဝင်ပါတယ်။ တွေ့ရှိချက်များအရ လက်ရှိ အဖြစ်များ ဆုံးမျိုးကွဲဖြစ်တဲ့ ဒယ်တာနဲ့ ဝိသေသလက္ခဏာတွေတူပါတယ်။ ကာကွယ်ဆေးကို အတိုင်းအတာတစ်ခုထိ ခုခံနိုင်တာ၊ ကူးစက်နှုန်းမြန်တာတွေ တူနိုင်ပါတယ်။ ဆက်လက်စောင့်ကြည့်လေ့လာနေဆဲဖြစ်ပါတယ်။ ယခင်က အာရှမှာ တွေ့ရှိခဲ့ရခြင်းမရှိဘဲ တောင်အမေရိကနဲ့ ဥရောပတိုက်တို့ရှိ နိုင်ငံပေါင်း ၃၀ ခန့်မှာသာ တွေ့ရှိခဲ့ရသော်လည်း ယခုအခါမှာတော့ ဂျပန်နဲ့ဖိလစ်ပိုင် နိုင်ငံတွေမှာ စတင်တွေ့ရှိနေရပြီဖြစ်ပါတယ်။ ဒီလိုမျိုးကွဲများဟာ လူအများအတွင်း ကူးစက်မှုတွေ ဖြစ်ပွားနေရာကတစ်ဆင့် ၎င်းတို့ရဲ့မျိုးဗီဇတွေဟာ အဆင့်ဆင့်ပြောင်းလဲလာကာ အာနိသင်ပြင်းထန်တဲ့အဆင့်တွေ ရောက်ရှိလာလေ့ရှိပါတယ်။ လက်ရှိဖြစ် ပွားမှုများပြီး အာနိသင်ပြင်းထန်တဲ့ အယ်ဖာနဲ့ ဒယ်တာမျိုးကွဲတွေဟာဆိုရင်လည်း အဆင့်ဆင့်ကူးစက်မှုများကနေတစ်ဆင့် အစွမ်း ထက်မြက်တဲ့ မျိုးကွဲတွေအဖြစ်ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ဥပမာ- ဒယ်တာမျိုးကွဲအဖြစ် ပေါ်ထွက်လာမယ့် မျိုးကွဲကို အိန္ဒိယနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလကတည်းက တွေ့ရှိခဲ့တာ ဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့တော့ ၂၀၂၁ ခုနှစ် ဧပြီလကနေစပြီး ကူးစက်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ထိုသို့ဖြစ်ပွားနေသော မျိုးကွဲများကို စဉ်ဆက်မပြတ်စောင့်ကြည့်တဲ့ မျိုးဗီဇပြောင်းလဲမှုအား ခြေရာခံစောင့်ကြည့်ခြင်း (ွနညသာငခ ှနဆကနညခငညါ)ဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ ၎င်းလုပ်ငန်းစဉ်ဟာ အကုန်အကျများပြီး နည်းပညာ ကျွမ်းကျင်မှုလည်း လိုအပ်သဖြင့် နိုင်ငံအများစုအနေနဲ့ လုံလောက်စွာဆောင်ရွက်နိုင်ဖို့ ခက်ခဲပါတယ်။ နိုင်ငံပေါင်းစုံ ဒေသပေါင်းစုံမှာ မြိုင်မြိုင်ဆိုင်ဆိုင် ခြေရာခံစောင့်ကြည့်နိုင်မှသာလျှင် ဗိုင်းရပ်ပိုးရဲ့ ပြောင်းလဲမှုအဆင့်ဆင့်ကို ခြေရာခံနိုင်ပြီး ကုသမှု၊ ကာကွယ်ရေး၊ ထိန်းချုပ်ရေးတို့အတွက် အရေးပါတဲ့နည်းဗျူဟာတွေကို အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဗိုင်းရပ်ရဲ့ ရှေ့ကနေပြေးနေတဲ့အနေအထားကို လူ့စွမ်းအား၊ ဉာဏ်ရည်၊ နည်းပညာဖြစ်ထွန်းမှုတွေနဲ့ အသည်းအသန် လိုက်နေရတဲ့ အနေအထား ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။
ကိုဇေ