လယ်ဝေးမြို့နယ်ရှိ ဆင်အုံကန်ပြုပြင်တည်ဆောက်နေမှု ဇူလိုင်လကုန်တွင် အပြီး ဆောင်ရွက်မည်
နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ချောင်းမငယ် ရေလှောင်တမံရေသောက် ဧရိယာ၌ ပါဝင်သော ဆင်အုံကန်ကိုပြုပြင် တည်ဆောက်လျက်ရှိရာ ဇူလိုင်လကုန်တွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူး ဦးကျော်ထိုက်၏ ပြောကြားချက်အရ သိရ သည်။
ဆင်အုံကန်သည် အဓိကအားဖြင့် စိုက်ပျိုးရေပေးဝေသောကန်ဖြစ်ပြီး ဆင်အုံကန် အထက်ပိုင်း၌ ရေသောက်ဧရိယာ ဧက ၂၆၄၀ ရှိကာ ဆင်အုံကန်အောက်ပိုင်း၌ ရေသောက်ဧရိယာ ၄၅၇၉ ဧက ရှိကြောင်း သိရသည်။
ဆင်အုံကန်ကို ပြုပြင်မှုမရှိခဲ့သဖြင့် တာပေါင်ကြံ့ခိုင်မှု လျော့ကျလာခြင်းနှင့် ရေကန် အတွင်း သဲ၊ နုန်းများပို့ချမှုကြောင့် ရေသိုလှောင်နိုင်မှုပမာဏ လျော့နည်းလာ ခြင်းများဖြစ်ပေါ်လာသဖြင့် ယခုနှစ်တွင် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းဖြစ် ကြောင်း သိရသည်။
ထိုသို့ပြုပြင်ရာတွင် ကန်ပေါင်တောင့် တင်းခိုင်မာစေရန်ပြုပြင်ခြင်း၊ ကျောက်စီခြင်း၊ ကန်ပေါင်အနီး အောက်ခြေပိုင်း၌ မြက်စိုက်ခြင်း၊ ရေပေးဝေခြင်းနှင့် ရေပိုလွှဲပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
လယ်ဝေးမြို့နယ်ရှိ လယ်ယာမြေများကို စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်စေရန်၊ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာစေရန်၊ ဒေသတွင်း ဝမ်းစာဖူလုံမှုရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆင်အုံကန်ကို ပြုပြင် တည်ဆောက်ခြင်း ဖြစ်သည်။
ထို့ပြင် ဒေသခံပြည်သူများအား ဆင်အုံကန်မှ သောက်သုံးရေ ဖြန့်ဝေပေးနိုင်စေရေး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် နေပြည်တော်စည်ပင် သာယာရေး ကော်မတီတို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်းဦး