လာအိုနိုင်ငံရှိ ထုံးကျောက်ဂူများတွင် နေသော လင်းနို့များ ကိုရိုနာဗိုင်းရပ်များ သယ်ဆောင်သည်ကို တွေ့ရှိရ

လာအိုနိုင်ငံရှိ ထုံးကျောက်ဂူများတွင် နေသော လင်းနို့များ ကိုရိုနာဗိုင်းရပ်များ သယ်ဆောင်သည်ကို တွေ့ရှိရ

လာအိုနိုင်ငံရှိ ထုံးကျောက်ဂူများတွင် နေသော လင်းနို့များသည် လက်ရှိကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော Sars-CoV-2 ဗိုင်းရပ်နှင့်တူသည့်     ကိုရိုနာဗိုင်းရပ်များကို သယ်ဆောင်ကြောင်း တွေ့ရှိရသည်ဟု သိပ္ပံပညာရှင်များက ထုတ်ပြန်သည်။

ပြင်သစ်နိုင်ငံရှိ ပက်စတာ တက္ကသိုလ်နှင့် လာအိုတက္ကသိုလ်တို့မှ   သုတေသန ပညာရှင်များသည်  မြင်းခွာပုံ လင်းနို့ရာပေါင်းများစွာတွင် ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသော ဗိုင်းရပ်နှင့် ဆင်တူသည့်ဗိုင်းရပ်များကို လေ့လာရှာဖွေနေစဉ် ယခုကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်များကို မြင်းခွာပုံလင်းနို့များ အပါအဝင်  အချို့သော မျိုးစိတ်များတွင် သဘာဝအတိုင်း တည်ရှိနေကြောင်း တွေ့ရသည့်အတွက်    ထိုရောဂါဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေနေသော  သိပ္ပံ ပညာရှင်များအနေဖြင့် အကောင်းဆုံးသော သဲလွန်စအချို့ကိုရရှိခြင်းဟု ဆိုနိုင်သည်။

ထို့ပြင်  ယခုတွေ့ရှိမှုသည်   ယခင်ကတည်းက ပညာရှင်များ  အကြိမ်ကြိမ် ပြောဆိုမှုဖြစ်သော ကိုဗစ်-၁၉ ရောဂါသည် လင်းနို့တွင်ဖြစ်ပွားသော ဗိုင်းရပ်ကြောင့် ဖြစ်သည်ဟူသော အယူအဆမှန်ကန်ကြောင်း သက်သေပြနိုင်ပြီဖြစ်သည်။

လာအိုနိုင်ငံရှိ လင်းနို့များ၌   တွေ့ရသော ဗိုင်းရပ်သုံးမျိုးမှာ BANAL-52 ၊ BANAL-103နှင့် BANAL-236တို့ဖြစ်ပြီး Sars-CoV-2 ဗိုင်းရပ်နှင့် ထပ်တူနီးပါးဆင်တူကြောင်း ပက်စတာတက္ကသိုလ်မှ ဒေါက်တာမာ့အီလွိုက်က ပြောသည်။

အဆိုပါဗိုင်းရပ်များသည်Sars-CoV-2 ဗိုင်းရပ်၏ မူလအစပြုရာဖြစ်နိုင်ကြောင်းနှင့် ပင်ကိုအားဖြင့် လူသားများထံသို့ တိုက်ရိုက် ကူးစက်နိုင်စွမ်းရှိနိုင်ကြောင်း ဒေါက်တာမာ့အီလွိုက်က ဆက်ပြောသည်။

လက်ရှိအချိန်တွင် သုတေသနပညာရှင်များ အနေဖြင့် သဘာဝမှ ရရှိသောနမူနာ အများအပြားကို  စုဆောင်းနေကြောင်း၊ ထိုနမူနာများမှ မျိုးရိုးဗီဇ အစဉ်အဆက်များကို  အနီးကပ် လေ့လာသုတေသန ပြုနေကြောင်းနှင့် နောက်ဆုံးတွင် Sars-CoV-2 ဗိုင်းရပ်နှင့်    အပြည့်အဝ ဆင်တူသော သဘာဝဗိုင်းရပ်ကို   ဖော်ထုတ်နိုင်မည်ဟု  ယုံကြည်ကြောင်း ဆစ်ဒနီတက္ကသိုလ်မှ ဒေါက်တာအက်ဒဝါ့ဟွမ်းက ပြောသည်ဟု သိရသည်။