လားရှိုး၊ လူမှုရေး
လားရှိုး-မန္တလေးအစုန်အဆန်နေ့စဉ် ပြေးဆွဲခဲ့သော လူစီးရိုးရိုးရထားခရီးစဉ်များအား ခေတ္တရပ်နားထားရာမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း လားရှိုးဘူတာ အထူးတန်း ရုံပိုင်ကြီးထံမှ သိရသည်။
လားရှိုး-မန္တလေးသွား မီးရထားခရီးစဉ်များအား လက်ရှိ COVID-19 ရောဂါများ ကူးစက်ပြန့်ပွားနေသည့် ကာလများ၌ ကုန်ပစ္စည်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်ဒေသများမှ နေရပ်ပြန်ခရီးသည်များအား မီးရထားအမှတ် (၁၃၁)အဆန်ရထားနှင့် အမှတ် (၁၃၂)အစုန်ရထားတို့ဖြင့် ပြေးဆွဲခဲ့ကြောင်း၊ နေရပ်ပြန် ခရီးသည်များ ပို့ဆောင်ရာတွင် မူဆယ်၊ ကျယ်ဂေါင်၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့နယ်များမှ ပြန်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးပညာရေးကောလိပ်တွင် ခေတ္တတည်းခိုစေကာ လားရှိုးမှမန္တလေးသို့ ပို့ဆောင်ပေးမှုများအား COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့သည်။
“ကျွန်တော်တို့ မီးရထားလိုင်းတွေကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် ခရီးစဉ်တွေ ပုံမှန်အတိုင်းသွားခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မေလ ၆ ရက်မှာ နေရပ်ပြန်တွေကိုပဲ တင်ဆောင်ပြေးဆွဲခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်သြဂုတ်လမှာ ခရီးသည် တင်ဆောင်ပြေးဆွဲတာကိုပြန်လုပ်ခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာ ၁၀ ရက်မှာ ခေတ္တရပ် နားထားခဲ့တယ်။ အခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၅ ရက်မှာတော့ အရင်လိုပုံမှန်အတိုင်းပြေးဆွဲသွားမှာပါ။ ခရီးသည်စီးနင်းမှုအနေနဲ့ ဈေးနှုန်းကပုံမှန်လိုပဲဖြစ်ပြီး လူတစ်ယောက်ကို ထိုင်ခုံနှစ်နေရာဖြင့် စီးနင်းသွား ရမှာဖြစ်ပါတယ်” ဟု လားရှိုးအထူးတန်း ရုံပိုင်ကြီးထံမှသိရသည်။
လက်ရှိကာလတွင် ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ ပြေးဆွဲမှုများအား ယခင်ရောင်းချခဲ့သော ရထား လက်မှတ် ဈေးနှုန်းများအတိုင်း ရိုးရိုးတန်းငွေကျပ် ၂၄၀၀၊ အထက်တန်းငွေကျပ် ၅၅၀၀ တို့ဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် အညီပြေးဆွဲသွားမည်ဖြစ်ပြီး မီးရထားခရီးစဉ် အချိန်များမှာ လားရှိုးမှမန္တလေးသို့ နံနက် ၅ နာရီနှင့် မန္တလေးမှလားရှိုးသို့ နံနက် ၄ နာရီတို့တွင် အသီးသီးထွက်ခွာပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။
ဖိုးကျော်(သရက်)