လိမ်လည်လှည့်ဖြားခံလိုက်ရလေခြင်း

 

မြန်မာတို့၏ နောက်ဆုံးဘုရင်သီပေါမင်းသည် အိန္ဒိယနိုင်ငံ ရတနာဂီရိတွင် အကျဉ်းခံနေရစဉ် တစ်နေ့သောအခါဝယ် အိန္ဒိယဘုရင်ခံချုပ်ထံ စာတစ်စောင်ရေးသားပေးပို့ခဲ့သည်။ ထိုစာရေးသားပေးပို့ သည့်နေ့မှာ ၁၈၈၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ဖြစ်သည်။ စစ်ရှုံးဘုရင်အကျဉ်းသားအဖြစ်နေရသည်မှာ ခြောက်လခန့်မျှသာ ရှိသေးသောအချိန်လည်းဖြစ်သည်။ ထိုစာထဲတွင် သီပေါဘုရင်ကဖော်ပြထားရာ၌ “မြန်မာနိုင်ငံပြည့်ရှင်ဘုရင် မင်းမြတ်အနေဖြင့် မိမိသည် ဗြိတိသျှအစိုးရနှင့် အမြဲချစ်ကြည်စွာ ဆက်ဆံခဲ့ သည်။ ဗြိတိသျှအုပ်စိုးသောနယ်မြေရှိ ပြည်သူများနှင့်လည်း မေတ္တာမပျက်ဆက်ဆံခဲ့သည်။ ဘုံဘေဘားမား ကုမ္ပဏီအမှုတွင် မိမိ၏အမိန့်မှာ မျှမျှတတရှိခဲ့သည်ဖြစ်ရုံမျှမက နောက်ဆုံးတွင် ထိုဆုံးဖြတ်ချက်ကိုပင် ပယ်ဖျက်ပေးလိုက်သည်။

ဗြိတိသျှတို့က အထက်မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာသည့်အခါတွင်ပင် မိမိ၏တပ်များသည် မိမိ၏အမိန့်ကိုဖီဆန်ပြီး ခုခံတိုက်ခိုက်ကြသဖြင့် စစ်ပွဲနှင့်ပတ်သက်၍ မိမိတွင် တစ်စုံတစ်ရာ တာဝန်မရှိပါ။ သွေးချောင်းစီးကြဖွယ်အရေးအခင်းကို ကာကွယ်ရန် မိမိသည် စစ်မတိုက်ဘဲလက်နက်ချခဲ့သည်။ ဤသို့ပြုမူခြင်းဖြင့် မိမိသည် ယခုကဲ့သို့အကျဉ်းသားတစ်ဦး ဖြစ်လာမည်ဟု  လုံးဝမသိခဲ့။ ကာနယ်စလေ ဒင်က မိမိကိုပြောဆိုရာ၌ပင် မိမိသည် ကာလကတ္တားသို့လိုက်ပါ၍ အရေးအခင်းနှင့်ပတ်သက်ပြီး ဘုရင်ခံချုပ်နှင့် ဆွေးနွေးညှိနှိုင်းရမည်။ ထိုကိစ္စပြီးစီးသောအခါတွင် မိမိကိုပြန်လည်နန်းတင်ပေးမည်ဟု အာမခံခဲ့သည်” စသည်ဖြင့် ဖော်ပြခဲ့၏။

အထက်ပါစာသားများမှာ တက္ကသိုလ်စိန်တင်ဘာသာပြန်ထားသော အကျဉ်းခံသီပေါစာအုပ် စာမျက်နှာ (၈၀) တွင် ဖော်ပြထားသည့်အတိုင်းဖြစ်သည်။ အဆိုပါစာအုပ်မှာ The Deposed King Thibaw Of Burma in India by W.S. Desai ရေးသားခဲ့သောစာအုပ်ကို ပြန်ဆိုထားခြင်းဖြစ်သည်။

စာအုပ်တစ်အုပ်လုံးတွင် အကျဉ်းခံဘဝ၏ စိတ်ပျက်ငြီးငွေ့ဖွယ်ရာများကို ဖတ်ရသည်။ ကိုယ့်အရှင် ကိုယ့်သခင် သည် ရေခြားမြေခြားဝေးတစ်မြေရပ်ခြားမှာ လူမနီးသူမနီး တောကြိုအုံကြားတွင်နေရသည်။ နယ်ချဲ့တို့ပေးသော ထောက်ပံ့ငွေလေးဖြင့် ချို့တဲ့စွာနေထိုင်ရသည်။ အခြွေအရံနည်းပါးကာ သွားချင်တိုင်းသွား၊ လာချင်တိုင်း မလာရသောဘဝဖြစ်သည်။

သီပေါမင်းကား စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်သည်။   စိတ်သဘောထား ကောင်းလွန်းသည်နှင့် ပတ်သက်၍ ဥပမာတစ်ခုပြရသော် ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးဖြစ်သည်။ ကမ္ဘာစစ်ဖြစ်သည့်အခါ လူသားတို့ဒုက္ခရောက်ကြရသည်။ စစ်ပွဲတွင် ပါဝင်သော ဗြိတိသျှအစိုးရသည်လည်း ဆင်းရဲခြင်းနှင့် ရင်ဆိုင်ရသည်။ လူမှုကယ်ဆယ်ထောက်ပံ့ရေးရန်ပုံငွေအဖြစ် အလှူခံရတော့သည်။ မိမိကိုအကျဉ်းချ ထားပြီး တိုင်းပြည်တစ်ခုလုံးကို သိမ်းပိုက်ထားသော နယ်ချဲ့ဗြိတိသျှတို့ အခက်အခဲနှင့် တွေ့ကြုံနေရသောအခါ စိတ်ရင်းကောင်းလွန်းသော သီပေါဘုရင်သည် သူ၏သီးသန့်ရန်ပုံငွေထဲမှ   ငွေကျပ် နှစ်သောင်းလှူလိုက်သည်။

ယနေ့ခေတ်ငွေကြေးနှင့်ကြည့်လျှင် ငွေကျပ်နှစ်သောင်းသည် ဘာမှအသုံးမဝင်သော်လည်း ထိုခေတ်ထိုအခါက ငွေကြေးနှင့်ဆိုလျှင်ကား လွန်စွာများပြားလွန်းသော ငွေကြေးပမာဏဖြစ်ပေသည်။ ထိုစာအုပ်တွင်ဖော်ပြထားသည်မှာ အစိုးရက သီပေါဘုရင်၏ ရက်ရောသော စေတနာအတွက် ကျေးဇူး တင်ကြောင်းဖော်ပြ၏။ သို့သော် ထိုမျှများပြားသောငွေကိုမူ လက်မခံဘဲ အလှူငွေကျပ် ၂၅၀၀ ကိုသာရယူခဲ့သည်ဟုဖော်ပြထားသည်။ ဤဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် သီပေါဘုရင်၏ စေတနာ စိတ်ထားကို ခန့်မှန်းနိုင်ပေသည်။ သီပေါဘုရင်သည် မိမိထက်တော်သော ညောင်ရမ်းမင်းသားကို နန်းတင်မည်ဆိုလျှင် ငြင်းမည့်သူမဟုတ်။ အင်္ဂလိပ်နယ်ချဲ့က မောင်ဘသန်းကို ညောင်ရမ်းအသွင် ဝတ်ဆင်ထားသည်ကို သီပေါမင်းမြင်လျှင် ဘယ်ကလူမှန်းမသိ၊  ငါ့နောင်တော်မဟုတ်ဟုပြောခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့နှင့် ကင်းဝန်မင်းကြီးတို့၏ လျှောက်ထားချက်ကိုလက်ခံ၍ သီပေါဘုရင်သည် အိန္ဒိယသို့ အလွယ်တကူလိုက်ပါခဲ့ခြင်းဖြစ်ကြောင်း အထက်တွင်ဖော်ပြခဲ့သော သီပေါဘုရင်၏ အိန္ဒိယဘုရင်ခံချုပ်ထံ ပေးစာအရ သိနိုင်သည်။

ရာစုနှစ်တွေမည်သို့ပြောင်းစေကာမူ နယ်ချဲ့လိုသူတို့၏ သဘောထားပြောင်းလဲ သွားသည်မဟုတ်ပါ။ ယနေ့အချိန်အခါတွင် လက်နက်ကိုင်ကာ တိုင်းပြည်တစ်ပြည်ကို ဝင်သိမ်းရသည်ထက် ယင်းတို့၏ အလိုကျ အမျိုးသားသစ္စာဖောက်တွေ မွေးမြူခြင်းကို ကျင့်သုံးလျက်ရှိသည်။   ထိုအမျိုးသားသစ္စာဖောက် များသည် တိုင်းပြည်၏ အဓိကအုတ်တံတိုင်းကြီးဖြစ်သည့် တပ်မတော်ကို အင်အားချည့်နဲ့အောင် ပြုမူ လုပ်ဆောင်လျက်ရှိသည်။ တပ်မတော်ပြိုကွဲမှ ၎င်းတို့လိုသလို ကြိုးဆွဲနိုင်မည်ဖြစ်သည်။ ရှေးနှစ်ပေါင်း များစွာက နယ်ချဲ့တို့၏ လိမ်လည်လှည့်ဖြားခြင်းကို မြန်မာတို့ခံခဲ့ရလေပြီ။ ယခုတစ်ကြိမ်ခံရမည် ဆိုလျှင်တော့ “ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား”ဟူ၍ မေးလိုက်ချင်ပေသည်။    ။