လုပ်ငန်း ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်(OneMap Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး

လုပ်ငန်း ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  သြဂုတ် ၂၄

    မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်(OneMap Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် ၃၉ သစ်တောဦးစီးဌာန အင်ကြင်းခန်းမတွင် ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ    တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမျိုးသားမြေ အသုံးချမှုကောင်စီ၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ရာ ဆက်စပ်ဌာန  ၂၇ ဌာနပါဝင်ပြီး  မြန်မာနိုင်ငံတွင် စံပြုထားသည့် မြေပုံစနစ်တစ်ခု ပေါ်ပေါက်ရေး၊  ဌာနအားလုံးမျှဝေ အသုံးပြုနိုင်ရေး အတွက် ပေါင်းစပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊    စီမံကိန်းမှရရှိသည့် နည်းပညာနှင့် ဗဟုသုတများကို အသုံးချပြီး မြေပုံစနစ်နှင့် မြေပြင်ဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ  တိကျမှန်ကန်အောင် ဆောင်ရွက်ခြင်း၊ ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများကို   ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်အရ    စစ်ကိုင်းတိုင်း ဒေသကြီး  ကောလင်း  ဝန်းသိုဒေသနှင့် နေပြည်တော်ကောင်စီ နယ်မြေများအား Geodatabase တည်ဆောက်နိုင်ရေး အတွက် ဌာနဆိုင်ရာများမှ အချက်အလက်များ တောင်းခံခဲ့ပြီး   ရရှိသော အချက်အလက်များဖြင့် Geodatabase တည်ဆောက်နိုင်ခဲ့ကြောင်း၊ အမျိုးသားမြေ အသုံးချမှုကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က Web Portal နှင့် လိုအပ်သော Software များ ရေးသားနိုင်ရေး  ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့ရာ Web Portal တည်ဆောက်နိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိကြောင်း၊ စီမံကိန်း၏ Infrastruc-ture တည်ဆောက်နိုင်ရန်   လိုအပ်သော Hardware နှင့်  Software များ ဝယ်ယူဖြည့်တင်းနိုင်ရန် အတွက် မြေတိုင်းဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းပညာရှင် အင်အားဖြင့် OneMap Myanmar- Web Portal  တစ်ခု လွှင့်တင်နိုင်ရေး   ဝိုင်းဝန်းဆောင်ရွက် သွားကြရန် ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက  OneMap Myanmar- Web Portal  တည်ဆောက်ရေး၊  ICT Infrastructure များ ဖြည့်ဆည်းပံ့ပိုးရေး၊ GIS နည်းပညာ အသုံးပြုရေးတို့ကို ဆွေးနွေးကြသည်။

 အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ    အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်   ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ၊    ပါမောက္ခနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း  သိရသည်။