လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်

 

လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ မတ် - ၂၂
    
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် Covid-19  ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။
    
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်နှင့် မအူပင် ခရိုင်များရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ်တို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူများက လည်းကောင်း၊ သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
    
ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အလှူရှင် များက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။