လူငယ်တို့ဘဝ တိုးတက်မြင့်မားရေး

လူငယ်တို့ဘဝ တိုးတက်မြင့်မားရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ ဧပြီ ၂၈ ရက်)

လူကြီးတိုင်းသည် လူငယ်ဘဝကို ဖြတ်သန်းခဲ့ကြသူများသာ ဖြစ်ကြသည်။ လူငယ်ဘဝသည် ပမာနှိုင်းရသော် လမ်းဆုံလမ်းခွ သို့မဟုတ် လမ်းဆုံအဝိုင်းတွင် ရောက်ရှိနေသော ခရီးသွားတစ်ဦးနှင့် ပမာတူလှသည်။ မိမိသွားမည့်လမ်းကို မိမိတို့ကိုယ်တိုင် ရွေးချယ်ကြရမည်။ အရှေ့တည့်တည့်သို့ သွားမည်လား၊ မြောက်ဘက်သို့သွားမည်လား၊ တောင်ဘက်သို့သွားမည်လား၊ ထိုအဝိုင်းအတွင်းမှာပင် ရပ်တန့် နေရစ်ခဲ့တော့မည်လား။ ရပ်တန့်နေမည်ဆိုလျှင် ယာဉ်ကြောပိတ်ဆို့မှုကဲ့သို့ ပြဿနာတစ်ရပ်ရပ်နှင့် ကြုံတွေ့ရတော့ပေလိမ့်မည်။ ထို့ကြောင့် လူငယ်တို့သည် ရှေ့ခရီးကိုသာ အာရုံပြု၍ ဆက်လက်သွားရပေမည်။

လူတို့သည် အသက်အရွယ် အလိုက် နေ့စဉ်လှုပ်ရှား သွားလာနေထိုင် စားသောက်နေကြရသည်။ လူငယ်ဆိုသည်မှာ အမြဲတမ်းတက်ကြွရွှင်လန်း၍ ကြိုးစားနေရပေမည်။ အချိန်နှင့်အမျှ နည်းပညာ တိုးတက်နေသော ကမ္ဘာကြီးတွင် မိမိမကြိုးစားလျှင် မိမိသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။ လူငယ်တိုင်းတွင် ဘဝရည်မှန်းချက် ကိုယ်စီထားရှိကြရမည်။ ယနေ့လူကြီးအရွယ် နိုင်ငံ့တာဝန် ယူထားသူများသည် သူတို့ငယ်စဉ်က ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ရည်မှန်းချက်ထားရှိ ကြိုးစားခဲ့သောကြောင့် သူတို့နှင့်ထိုက်တန်သော ရာထူးဌာနန္တရ ရရှိနေခြင်းဖြစ်သည်။ ကြိုးစားမှုရှိသူကို အောင်မြင်မှုက လက်ကမ်းကြိုဆိုနေမည်မှာ အမှန်တရားဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အဓိကနေရာမှ ပါဝင်နေသည်။ အကြောင်းအမျိုးမျိုးကြောင့် ပညာကို ဆုံးခန်းမရောက်ဘဲ ကလေးအလုပ်သမား များပြားလာလျှင် နိုင်ငံအတွက် ဆုံးရှုံးမှုပင်ဖြစ်သည်။ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်တွင် ကိုဗစ်ရောဂါကြောင့် ကျောင်းများကို ပိတ်ထားရသည်မှာလည်း လူငယ်တို့အတွက် နစ်နာမှုဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးပြီး တစ်နှစ်အတွင်း နှစ်တန်း အောင်မြင်သည်အထိ သင်ကြားပေးရန် စီစဉ်နေပြီဖြစ်သည်။ ဤသည်မှာ လူငယ်များအပေါ် အလေးထား ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ကမ္ဘာကျော် စာရေးဆရာကြီးဗစ်တာဟူးရိုးက ''ကျောင်းများကို ဖွင့်လှစ်ထားခြင်းသည် ထောင်တံခါးများကို ပိတ်ထားသည်နှင့် တူလေ၏''ဟူ၍ ဆိုထားသည်။ လူငယ်တိုင်း ကျောင်းနေအရွယ်မှာ ကျောင်းနေကြမည်ဆိုပါက ကလေးအလုပ်သမားဟူ၍ ရှိမည်မဟုတ်တော့ပါ။ ကလေးအလုပ်သမား ပပျောက်ရေးသည် မျက်မှောက်ခေတ်၏Global Issue တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ခြင်းကြောင့် အမျိုးသားရေး တာဝန်အဖြစ် ခံယူဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)၏ ၂ဝ၁၇ ခုနှစ် စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေးသူငယ် ၂၁၈ သန်း အလုပ်လုပ်ကိုင်လျက်ရှိရာ အမျိုးသား ၈၈ သန်းနှင့် အမျိုးသမီး ၆၄ သန်းတို့သည် ကလေးအလုပ်သမားများ ဖြစ်နေပြီး ထိုအထဲတွင် ၇၃ သန်းမှာ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၌ Zoom Meeting ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားရာတွင် ''ကလေးအလုပ်သမား လျှော့ချရေး အတွက် လုပ်ဆောင်ရာတွင် ကလေးများကို လုပ်ငန်းခွင်မှ ရှာဖွေဖော်ထုတ် ဖယ်ရှားပစ်ရုံ သက်သက်ဖြင့် ကလေး အလုပ်သမားများ ပပျောက်ရန် မဖြစ်နိုင်သောကြောင့် ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ကျောင်းနေအရွယ် ကလေးအားလုံး အခမဲ့ကျောင်းတက်နိုင်ရေး၊ ကလေးသူငယ်များအား ကူညီစောင့်ရှောက်ပေးမည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပိုမိုအားကောင်းလာရေး၊ မိသားစုအလိုက် ဝင်ငွေတိုးတက် ရရှိခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှသာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို လုပ်ငန်းခွင်အတွင်းမှ လျော့ပါးသွားစေနိုင်မည်ဖြစ်ကြောင်း'' ပြောကြားခဲ့သည်။

တချို့သောလူငယ်များသည် မိဘများက ဆင်းရဲ၍ လည်းကောင်း၊ မိမိကိုယ်တိုင် ပညာသင်ကြားလိုစိတ် မရှိခြင်းကြောင့် လည်းကောင်း ကျောင်းနေအရွယ်တွင်ကျောင်းမနေကြဘဲ လုပ်ငန်းခွင် ဝင်ကြသည်။ အကယ်၍ မိဘကဆင်းရဲ၍ ကျောင်းမထားနိုင်သော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ လူငယ်ဖွံ့ဖြိုးရေး ဂေဟာများတွင် နေထိုင်ကာ ပညာသင်နိုင်သည်။ မိမိကိုယ်တိုင်က ပညာသင်ကြားရန် ဆန္ဒမရှိတော့လျှင် မိမိနှင့်အတန်းတူ တက်ခဲ့၍ ကြိုးစားသော သူငယ်ချင်းများကို အားကျ၍ မခံချင်စိတ်ကို မွေးမြူစေချင်သည်။ အနှစ်ချုပ်ရသော် လူငယ်တို့ဘဝ တိုးတက်မြင့်မားရေးကို လူငယ်တို့ကိုယ်တိုင် ကြိုးစားကြပါရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။  ။