လူတိုင်းသည် အစစအရာရာတွင် အဆင်ပြေပြေရှိနေစေချင်ကြသည်။ မပူပင်မတောင့်တ မကြောင့်ကြရသော ဘဝတွင်ဖြစ်လိုကြသည်။ လူချင်းတူသော်လည်း အချို့သောသူတို့အား မင်းမှူးမတ်ဖြစ်စေ၏။ အချို့သော သူတို့အား သူဌေးသူကြွယ်ဖြစ်စေ၏။ အချို့သောသူတို့အား လူမွဲလူဆင်းရဲဖြစ်စေ၏။ အချို့သောသူတို့အား အနာရောဂါနည်းစေ၏။ အချို့သောသူတို့အား အနာရောဂါများစေ၏။ အချို့သောသူတို့အား နား၊ နှာ၊ ခြေ၊ မျက်စိစသော အင်္ဂါကြီးငယ်ပြည့်စုံစေ၏။ အချို့သောသူတို့အား နား၊ နှာ၊ ခြေ၊ မျက်စိစသောအင်္ဂါကြီးငယ် ချို့တဲ့စေ၏။ အချို့သောသူတို့အား အလွန်လှပတင့်တယ်ခြင်း၊ တန်ခိုးအာဏာကြီးမားခြင်း၊ အသိအလိမ္မာ ဉာဏ်ပညာကြီးခြင်း၊ အသက်ရှည်ခြင်း၊ အမျိုးမြတ်ခြင်း စသောဂုဏ်ထူးဝိသေသနှင့်ပြည့်စုံစေ၏။ အချို့သော သူတို့အား အဆင်းအရောင်မလှမပ မတင့်တယ်ခြင်း၊ တန်ခိုးအာဏာနည်းပါးခြင်း၊ အသက်တိုခြင်း စသော အယုတ်တရားတို့နှင့်ကြုံတွေ့စေ၏။ ဤသည်မှာ ကံ၏အစွမ်းသတ္တိပင်ဖြစ်ပေသည်။
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့သည် ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ကြသည်။ ကံဆိုသည်မှာ ပါဠိဘာသာ ကမ္မမှဖြစ်လာသောမြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်ခြင်းဟူ၍ အဓိပ္ပာယ်ရပါသည်။ မြန်မာတို့၏ ငါးပါးသီလကန်တော့ချိုးတွင်လည်း ကာယကံ၊ ဝစီကံ၊ မနောကံ သဗ္ဗဒေါသခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ၊ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော်ဖူးမြော်မာန်လျှော့ကန်တော့ပါ၏ အရှင်ဘုရားဟူ၍ နေ့စဉ်ကန်တော့လေ့ရှိသည်။ ကာယကံ-ကိုယ်ဖြင့်ပြုလုပ်ခြင်း၊ ဝစီကံ-နှုတ်ဖြင့်ပြောဆိုခြင်း၊ မနောကံ-စိတ်ဖြင့်ကြံစည်ခြင်း ဖြစ်သည်။ ထိုသုံးမျိုးသည် စေတနာအရင်းခံ၍ ဖြစ်ပေါ်လာသည့်အတွက် စေတနာကို ကံဟုခေါ်ဆိုခြင်းဖြစ်လေသည်။ ထို့ကြောင့် ဤလောက၌ လူသားတိုင်းသာမက အလုံးစုံသောသတ္တဝါဟူသမျှတို့သည် ကံသာလျှင်ကိုယ်ပိုင် ဥစ္စာရှိကုန်၏။ ကံသာလျှင် အမွေအနှစ်ရှိကုန်၏။ ကံသာလျှင် အဆွေအမျိုးရှိကုန်၏။ ကံသာလျှင် အဆွေ ခင်ပွန်းရှိကုန်၏။ ကံသာလျှင် ကိုးကွယ်အားထားရာရှိကြကုန်၏။ ကံသည်ပင်လျှင် သတ္တဝါဟူသမျှတို့ကို အယုတ်အလတ်အမြတ် စသည့်ထူးခြားကွဲပြားအောင် စီမံဖန်တီးပေးတတ်၏။ မိမိပြုလုပ်သောကံမှတစ်ပါး လောကကြီးအား စီမံဖန်တီးသူမရှိဟု သိသောဉာဏ်သည် သမ္မာဒိဋ္ဌိဟုခေါ်ပေသည်။
အများသူငါပြောဆိုနေကြသောစကားတွင် ကံကောင်းလိုက်တာ၊ ကံဆိုးလိုက်တာဟူသော အသုံးအနှုန်းမျိုး ကြားရတတ်သည်။ ကံကောင်းခြင်းသည် ကုသိုလ်ကံကောင်းခြင်းဖြစ်သည်။ ကုသိုလ်ကံဆိုသည်မှာ အပြစ် မရှိခြင်း၊ ကောင်းသော အကျိုးကိုပေးခြင်း သဘောရှိ၏။ ကုသိုလ်ကောင်းမှု တစ်စုံတစ်ခုပြုလုပ်နေချိန်တွင် လောဘ၊ ဒေါသ၊ မာန၊ ဣဿာမစ္ဆရိယ စသောစိတ်၏ အညစ်အကြေး၊ အပြစ်အနာအဆာများမရှိသဖြင့် အပြစ်မရှိဟုဆိုလိုခြင်း ဖြစ်သည်။ ကုသိုလ်ကောင်းမှုပြုနေသောသူသည် ကောင်းသောအမှုကိုပြုနေရသည့် အတွက်ဤဘဝ၌လည်း ဝမ်းသာရွှင်ပျချမ်းသာရသည်။ တမလွန်ဘဝ၌လည်းကောင်း အကျိုးကိုခံစားရသော ကြောင့်ဝမ်းသာရွှင်ပျချမ်းသာရ၏။ ထိုကုသိုလ်ကံသည် ကာယကံကုသိုလ်၊ ဝစီကံကုသိုလ်၊ မနောကံ ကုသိုလ် ဟူ၍သုံးမျိုးရှိသည်။
ကံဆိုးလိုက်တာဟူသောအသုံးတွင် ကံဆိုးခြင်းမှာ အကုသိုလ်ကံများသောကြောင့်ဖြစ်သည်။ အကုသိုလ်ကံ ဆိုသည်မှာ အပြစ်ရှိခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း သဘောရှိသည်။ မကောင်းမှုပြုသောသူသည် မကောင်းမှုပြုသည့်အတွက် ဤဘဝ၌လည်း ဆင်းရဲဒုက္ခ အမျိုးမျိုးရရှိခံစားရသည်။ တမလွန်ဘဝ၌လည်း ငရဲကျခြင်း စသောမကောင်းကျိုးများခံစားရသည်။ ထိုအကုသိုလ်ကံသည် ကာယကံအကုသိုလ်၊ ဝစီကံ အကုသိုလ်၊ မနောကံ အကုသိုလ်ဟူ၍ သုံးမျိုးပင်ဖြစ်သည်။ သတ္တဝါမှန်သမျှသည် ထိုမိမိတို့ပြုလုပ်သော ထိုကောင်းကံဆိုးကံအရ စံကြခံကြရသည်။ ထိုကံအကျိုးပေးမှုကို တစ်မျိုးတစ်မည်ဖြစ်အောင် မည်သည့် တန်ခိုးရှင်ကမှ ပြုပြင်ပြောင်းလဲ ဖယ်ရှားခုခံနိုင်ခြင်းမရှိပေ။ မလွဲမသွေဧကန်မုချဖြစ်တတ်သောသဘောရှိ၍ နိယာမတရားဖြစ်ကြောင်း ဗုဒ္ဓဘာသာတရားတော်တွင် ဖော်ပြထားသည်။ ထို့ကြောင့် လူတိုင်းကံကောင်း နိုင်ကြစေရန်မှာ ကုသိုလ်ကံအမှုများများ ပြုကြရန်သာဖြစ်ပါကြောင်း။ ။