လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ
နေပြည်တော် ဇူလိုင် ၁၂
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အထူးသဖြင့် ငွေကြေးအထောက် အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရာ၌ စနစ်တည်ဆောက်ခြင်းမှာ အရေးကြီးပါကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာကို အသုံးမပြု၍မရပါကြောင်း၊ ပြီးပြည့်စုံအောင် စဉ်းစားတည်ဆောက်ထားသည့် ဒစ်ဂျစ်တယ် Platform တစ်ခုမရှိဘဲ ရာခိုင်နှုန်းအပြည့်နီးပါး မှန်ကန်တိကျသည့် အစီအစဉ်တစ်ခု မဖြစ်နိုင်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အရှည်တည်တံ့နိုင်ရေး အတွက် လူမှုရေးအထောက်အပံ့ဥပဒေ(မူကြမ်း)ကို စတင်ရေးဆွဲနေပါကြောင်း၊ အပြီးသတ် ဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ၏ အကျိုး ကျေးဇူးများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား ဆွေးနွေးသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများနှင့် ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေရရှိမှုများအားလည်းကောင်း၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးမှုနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အတွက် အထောက်အကူပြုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မှုများအား တင်ပြဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် ကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)