နေပြည်တော် မတ် ၁၈
ယခုလတ်တလော လူမှုကွန်ရက်ဆိုရှယ်မီဒီယာများတွင် အိမ်သုံးမီတာလျှပ်စစ်သုံးစွဲမှုယူနစ်များအတွက် မီတာ ဝန်ဆောင်ခများအား ခြွင်းချက်မရှိကင်းလွတ်ခွင့်(အခမဲ့)နှင့် အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓာတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများ ကောက်ခံခြင်းကို ခေတ္တဆိုင်းငံ့ပေးမည်ဟူသော ကောလာဟလများ ထွက်ပေါ်လျက်ရှိပါသည်။
အဆိုပါသတင်းများမှာ မှန်ကန်မှုမရှိဘဲ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း အိမ်သုံးမီတာသုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်အထိ ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေ ကြောင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရှိရပြီး ထွက်ပေါ်နေသည့် ကောလာဟလများနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ယခုလိုပဲပြောကြားခဲ့ပါသည်-
“ဖေဖော်ဝါရီလမှာတော့ ယခင်လတွေကခွင့်ပြုထားတဲ့အတိုင်းပဲ ဒီဇင်ဘာလ၊ ဇန်နဝါရီလကလို ခွင့်ပြုခဲ့သလိုပဲ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်နေ့ထိခွင့်ပြုခဲ့တဲ့ တစ်လတာ အိမ်သုံးယူနစ် ၁၅၀ ကို ကင်းလွတ်ခွင့်ပေးပြီး သားဖြစ်ပါတယ်။ ပုံမှန်အတိုင်းပါပဲခင်ဗျ။ အိမ်သုံးအမျိုးအစားတွေ သုံးစွဲမှုအားလုံး ၁ ယူနစ်ကမှ ၁၅၀ ယူနစ် ထိကို ငွေကျပ် ၁၁၅၅၀ ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နိုင်ငံတော်အစိုးရက ခွင့်ပြုထားတဲ့ အရာမှန်သမျှကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပေးထားပါတယ်။ လက်ရှိကာလ ဖေဖော်ဝါရီလအထိထုတ်ပြန် ပေးပြီးဖြစ်ပါတယ်။ မတ်လအတွက်တော့ စီမံဆောင်ရွက်နေတုန်းဖြစ်ပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောသည်။
(၁၀၀)