လူသားတိုင်းအတွက် ကြက်ခြေနီ

ကမ္ဘာ့ကြက်ခြေနီနေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးသတိတရရှိလှသောအမည်မှာ ဟင်နရီဒူးနန့်ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၁၈၂၈ ခုနှစ် မေလ ၈ ရက်တွင် မွေးဖွားသည်။ အသက် ၃၄ နှစ်တွင် စီးပွားရေးကိစ္စဖြင့် တတိယမြောက် နပိုလီယန်အား တွေ့ဆုံရန်သွားစဉ် ဆိုဖာရီနို စစ်မြေပြင်ကို ရောက်ရှိ သည်။

၁၈၅၉ ခုနှစ် ဇွန်လ၂၅ ရက်နေ့၏ နေရောင်အောက်တွင် စိတ်ကူး၍ပင်မရနိုင်သည့်် အလွန်ရက်စက်ဖွယ် မြင်ကွင်းတစ်ခုကို ဟင်နရီဒူးနန့်တွေ့မြင်လိုက်ရသည်။ စစ်မြေပြင်တွင် လူသေနှင့်မြင်းသေကောင်တို့ ပြန့်ကျဲ လျက်ရှိနေသည်။ ဆိုဖာရီနိုမြို့၏ အစွန်ဘက်လမ်းဘေးဝဲယာရှိ ရေမြောင်းများ၊ လျှိုမြောင်များ၊ ချုံပုတ်များနှင့် မြက်ခင်းများတွင် အတုံးအရုံးအသေကောင်များမှာ မြင်မကောင်းအောင်ပင် တွေ့မြင်နေရသည်။

ဆိုဖာရီနိုမြို့ကလေးသည် သေနတ်များ၊ ဗုံးများ၊ လက်ဗစ်ဗုံးများဒဏ်ကြောင့် ယမ်းငွေ့များဝေကာ မြို့ပျက် တစ်ခုပမာဖြစ်နေသည်။ စစ်ပွဲဖြစ်လျှင် စစ်ပွဲမှာပါဝင်နေသူရော၊ ပတ်ဝန်းကျင်မှာရှိနေသူများရော ဒုက္ခနှင့် ကြုံတွေ့ရသည်မှာ ဓမ္မတာဖြစ်သည်။ စစ်ပွဲများမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းရှိနေခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။ အီတလီနိုင်ငံမြောက်ပိုင်း ဆိုဖာရီနိုမြို့တွင် ဖြစ်ပွားနေသောစစ်ပွဲမှာ တတိယမြောက် နပိုလီယန်၏ ပြင်သစ်စစ်သားများနှင့် ဒုတိယမြောက် ဆာဒီးနီးယမ်းဘုရင် ဗစ်တာအီမြူရယ်၏ စစ်သားများ စုစုပေါင်း  ၁၇၀၀၀၀ တို့သည် ၄၈ ရက်ကြာတိုက်ခိုက်ခဲ့ကြသည်။ သေဆုံးဒဏ်ရာရသူ ၄၈၀၀၀ ရှိပြီး ၁၉ ရာစုတွင် သွေးထွက်သံယိုမှု အများဆုံးသောစစ်ပွဲဖြစ်သည်။

စစ်မြေပြင်သို့ရောက်သွားသော ဟင်နရီဒူးနန့်သည် အနီးအနားရွာများရှိ အိမ်ရှင်များကို စည်းရုံးကာ အိမ်တိုင်း တွင် ဒဏ်ရာရသူလူနာများကို တတ်အားသရွေ့ပြုစုပေးသည်။ ညစ်ပတ်ပေရေနေသော ဒဏ်ရာများနှင့် လောက်တွယ်နေသော ခန္ဓာကိုယ်ကိုဆေးကြောသုတ်သင်ကာ ဆေးထည့်ပေးပြီး ပတ်တီးစည်းနှောင် ပေးခဲ့ကြ သည်။ ဟင်နရီဒူးနန့်၏ လူမျိုးမရွေးဘာသာမရွေး ပြုစုစောင့်ရှောက်ရမည်ဆိုသည့် ကြက်ခြေနီ စိတ်ဓာတ် သည် ဆိုဖာရီနိုစစ်မြေပြင်က စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကြက်ခြေနီအစ ဟင်နရီဒူးနန့် ကဖြစ်သည့်အတွက် ကမ္ဘာတစ်ဝန်းတွင် ကြက်ခြေနီလုပ်ငန်းများကို စွန့်စွန့်စားစားလုပ်ကိုင်သူများကို ဟင်နရီဒူးနန့်ဆုချီးမြှင့်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဟင်နရီဒူးနန့်ဘွဲ့စတင်ရရှိခဲ့သူမှာ စိုင်းအောင်လှိုင်မြင့် ဖြစ်သည်။ ၁၉၇၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီအချိန် မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ခတ်ချိုကျေးရွာ တွင် မော်တော်ကားတစ်စီးသည် တစ်ဖက်ကမ်းကူးရန် ကူးတို့ဖောင်ပေါ်အတက် ဘရိတ်ချော်ပြီး မြစ်ထဲ ကျသွားသည်။ ရေစီးသန်ပြီး ရေအနက် ၁၈ ပေ၊ ပေ ၂၀ ခန့်မှာ ကားကိုမြင်နေရသည်။ စိုင်းအောင်လှိုင်မြင့်က ချက်ချင်း ရေထဲခုန်ဆင်းပြီး ကားထဲမှလူကို ကယ်တင်နိုင်ခဲ့သည်။ တကယ့်ကိုစွန့်စွန့်စားစား ကယ်တင်ခဲ့ခြင်း ဖြစ်သည့် အတွက် ဟင်နရီဒူးနန့်ဘွဲ့ကို ချီးမြှင့်ခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ လူမှုရေးအသင်းတစ်သင်းအဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ၁၉၂၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့သည်။ အသင်း၏ရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခနည်းပါးသက်သာ စေရန်ဖြစ် သည်။ ထိုရည်ရွယ်ချက်အောင်မြင်စေရန်အတွက် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါတားဆီးရန်၊ ဘေးဒုက္ခ ရောက်သူများကို ကူညီရန်ဆိုသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် လူတို့ကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေးတို့တွေ့ကြုံရလေ တိုင်း တပ်မတော်ကဲ့သို့အစဉ်အမြဲရှိနေသော အသင်းအဖွဲ့များတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာလူမျိုးတို့သည် ကြင်နာသနားစိတ်၊ ရိုင်းပင်းကူညီလိုစိတ်၊ ထောက်ပံ့ပေးကမ်းလိုစိတ်တို့သည် ရှေးအစဉ်အဆက်မှ ယနေ့တိုင် ကိန်းအောင်းနေသော စိတ်ထားများဖြစ် သည်။ လူသားချင်းစာနာထောက်ထားမှုဆိုသည့် ကရုဏာတရားသည် မြန်မာလူမျိုးတို့အတွက် အထူး တလည်မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်တွင် နေ့စဉ်လုပ်ဆောင်လျက်ရှိသော လူမှုဝတ္တရားဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်း လူမှုကရုဏာလုပ်ငန်းများကို အစဉ်တစိုက်လုပ်ဆောင်လျက်ရှိသော မြန်မာ နိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားကြက်ခြေနီအသင်းအဖြစ် နိုင်ငံတကာအလယ်တွင် မားမားမတ်မတ် အသိအမှတ်ပြုရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် စေတနာ့ဝန်ထမ်းလုပ်အားရှင်များကို အခြေခံကာ ဖွဲ့စည်းထားသောအသင်းဖြစ်သလို လူထုလူတန်းစားအလွှာစုံပါဝင်သော ကရုဏာအသင်းလည်း ဖြစ်သည်။ ကြက်ခြေနီလုပ်ငန်းဆိုသည်မှာ လူသားထုကောင်းကျိုးအတွက် ဆောင်ရွက်နေသော အသင်း အဖွဲ့ဖြစ်ပေရာ လူသားချင်းစာနာထောက်ထားခြင်း၊ ကြားနေခြင်း၊ စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း၊ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်း၊ ခွဲခြားမှုမရှိခြင်း၊ လွတ်လပ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းဟူသော အခြေခံမူ (၇) ချက်နှင့် အညီ လူသားတိုင်းအတွက် ကြက်ခြေနီဖြစ်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။