သစ်ပင်သစ်တောများဆိုတာ ကမ္ဘာမြေကြီးရဲ့ အသက်ရှင်ကျန်းမာရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သစ်တောတွေဟာ ကာဗွန်တွေကိုစုပ်ယူတယ်။ ဒေသတွင်းအတွက်သာမက တစ်ကမ္ဘာလုံး အတွက်ပါ ရာသီဥတုတွေမှန်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးတယ်။ ဒါ့အပြင် ပိုလျှံထွက်လာတဲ့ရေတွေကို စုပ်ယူထိန်း သိမ်းပေးထားတာလည်း သစ်တောတွေပါပဲ။ ဒါကြောင့် သူတို့ဟာ သဘာဝရဲ့ ရေလှောင်တမံတွေဖြစ်ရုံသာမက ရေသန့်စင် အပင်တွေလည်းဖြစ်ပါတယ်။
ရေလွှမ်းမိုးခြင်းရဲ့သက်ရောက်မှုဒဏ်ကို လျော့ပါးစေဖို့အတွက်ဆိုရင် သူတို့ဟာ သဘာဝမုန်တိုင်းနဲ့ ရေအားစီမံခန့်ခွဲရေး စနစ်ကြီးတွေ အဖြစ်ပါဝင်နေပါတယ်။ ဒါတင်ပဲလားဆိုတော့ မြောက်မြားလှစွာသော သက်ရှိသတ္တဝါတွေရဲ့ မှီခိုရာနေရာအဖြစ်လည်း သစ်တော တွေကတည်ရှိ ပေးနေပါသေးတယ်။ ဒါကြောင့် အခုလိုမျိုးအဖိုးတန်လှတဲ့ သစ်တောတွေဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာတွေမှာ အများဆုံး ပေါက်ရောက်နေတာလဲ၊ ကမ္ဘာမြေပြင်ပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ လွှမ်းမိုးထားလဲဆိုတာကို ဦးစွာတင်ပြ သွားပါမယ်။
ကမ္ဘာ့သစ်တောဧရိယာ
ကမ္ဘာမြေပြင်ရဲ့ ၃၁ ရာခိုင်နှုန်းနီးပါးဟာ သစ်တောတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ အဲဒီထဲမှာမှသုံးပုံတစ်ပုံဟာ မူလသစ်တောကြီးတွေ ဒါမှမဟုတ် သဘာဝအတိုင်းပြန်လည် ဖြစ်တည်ပေါ်ပေါက်နေတဲ့ သစ်တောကြီးတွေဖြစ်ပါတယ်။ အထူးသဖြင့် လူသားတွေရဲ့ နှောင့်ယှက်မှု ကင်းဝေးတဲ့နေရာတွေမှာပါ။ ဒီအတွက်ကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံမှာ သစ်တောနယ်မြေပမာဏကလည်း တူညီမှု မရှိပါဘူး။ တချို့နိုင်ငံတွေကကျတော့ သစ်တောတွေနဲ့ပြည့်နှက်နေပြီး တချို့နိုင်ငံတွေကတော့ သစ်တောနယ်မြေအနည်းငယ်မျှ ကိုသာ ပိုင်ဆိုင်ထားကြပါတယ်။ ကမ္ဘာ့တိုက်ကြီးတွေထဲမှာဆိုရင်တော့ ဥရောပတိုက်ဟာ သစ်တောအထူထပ်ဆုံး တိုက်ကြီး ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ရုရှားနိုင်ငံကပိုင်ဆိုင်ထားတဲ့ ကြီးမားကျယ်ပြန့်လှသော တောအုပ်ကြီးများကြောင့်ပါ။ ဒါ့အပြင် ကမ္ဘာ့သစ်တောနယ်မြေ စုစုပေါင်းရဲ့လေးပုံတစ်ပုံကိုလည်း ဥရောပတိုက်မှာမြင်တွေ့နိုင်ပါတယ်။
အမေဇုန်သစ်တောကိုပိုင်ဆိုင်ထားတဲ့ တောင်အမေရိကတိုက်ကတော့ သစ်တောနယ်မြေ ၂၁ ရာခိုင်နှုန်းနဲ့ ဒုတိယမြောက် သစ်တော အထူထပ်ဆုံးတိုက်ကြီးဖြစ်ပါတယ်။ ဒါပေမဲ့ သစ်တောအထူထပ်ဆုံး နိုင်ငံတွေထဲမှာတော့ အထက်မှာပြောခဲ့တဲ့ ရုရှားနိုင်ငံတို့၊ ဘရာဇီး နိုင်ငံတို့၊ အမေရိကန် နိုင်ငံတို့ စသည်ဖြင့် ပါမလာတော့ပါဘူး။ သစ်တောအထူထပ်ဆုံး ၁၀ နိုင်ငံက ပိုင်ဆိုင်ထားတဲ့ သစ်တောနယ်မြေပမာဏဟာ ကမ္ဘာ့သစ်တောနယ်မြေပမာဏစုစု ပေါင်းရဲ့ သုံးပုံနှစ်ပုံရှိပါတယ်။
ကျန်တဲ့နိုင်ငံတွေအားလုံးရဲ့ စုစုပေါင်းသစ်တောနယ်မြေပမာဏကတော့ ကမ္ဘာ့သစ်တောနယ်မြေစုစုပေါင်းရဲ့ ၃၄ ရာခိုင်နှုန်း သာရှိပါတယ်။ အထက်မှာဆိုခဲ့တဲ့ ဥရောပတိုက်ထဲက ရုရှားနိုင်ငံဟာဆိုရင် ကမ္ဘာ့သစ်တောနယ်မြေ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပေမယ့်လည်း ကမ္ဘာ့သစ်တောအထူထပ်ဆုံး နိုင်ငံများစာရင်းထဲမှာတော့ အဆင့် ၅၃ မှာ ရပ်တည်နေပါတယ်။ အကြောင်းရင်းကတော့ ကြီးမားကျယ်ပြန့်လှတဲ့ သူ့ရဲ့ပိုင်နက်နယ်မြေကြောင့်ပါပဲ။
ကမ္ဘာပေါ်မှာသစ်တောအထူထပ်ဆုံး ၁၀ နိုင်ငံနဲ့ သူတို့နိုင်ငံပိုင်နက်ထဲကမှလွှမ်းခြုံတဲ့ နယ်မြေပမာဏတွေကတော့ ဆူရီနမ် (၉၈ ရာခိုင်နှုန်း)၊ ဂူယာနာ (၉၄ ရာခိုင်နှုန်း)၊ မိုက်ခရိုနီးရှား (၉၂ ရာခိုင်နှုန်း)၊ ဂေဘွန် (၉၁ ရာခိုင်နှုန်း)၊ ဆော်လမွန်ကျွန်းစု (၉၀ ရာခိုင်နှုန်း)၊ ပလော (၉၀ ရာခိုင်နှုန်း)၊ ဂီနီ (၈၈ ရာခိုင်နှုန်း)၊ လိုက်ဘေးရီးယား (၈၀ ရာခိုင်နှုန်း)၊ ပါပူအာနယူးဂီနီ (၇၉ ရာခိုင်နှုန်း)နဲ့ ဖင်လန် (၇၄ ရာခိုင်နှုန်း) တို့ဖြစ်ပါတယ်။
ဒီစာရင်းဇယားတွေကိုတော့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်း ရယူထားတာဖြစ်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံကတော့ အဲဒီစာရင်းရဲ့အဆင့် ၅၈ နေရာမှာရပ်တည်နေပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သစ်တောနယ်မြေ လုံးဝမရှိတဲ့နိုင်ငံတွေက လည်း ကိုးနိုင်ငံအထိတောင်ရှိပါတယ်။ အဲဒီနိုင်ငံတွေကတော့ ကူဝိတ်၊ မောရစ်တေးနီးယား၊ ဂျဘူတီ၊ လစ်ဗျား၊ အီဂျစ်၊ အိုမန်၊ ကာတာ၊ နာအူရူနဲ့ မိုနာကိုတို့ပဲဖြစ်ပါတယ်။
အပျိုစင်သစ်တောများ
အပျိုစင်သစ်တောများဆိုတာကတော့ လူသားတွေလုံးလုံး မရောက်ဖူးသေးတဲ့ ဒါမှမဟုတ် သယံဇာတတွေထုတ်ယူရခြင်း မရှိသေးတဲ့ သစ်တောများကိုဆိုလိုတာပါ။ အဲဒီသစ်တောတွေက ဘယ်နိုင်ငံတွေမှာရှိလဲဆိုရင် ဆူရီနမ်၊ ဂူယာနာ၊ မိုက်ခရိုနီးရှားနဲ့ ဂေဘွန်နိုင်ငံ တို့မှာရှိပြီး ပိုင်နက်နယ်မြေရဲ့ ၉၀ ရာခိုင်နှုန်းဟာ သစ်တောတွေနဲ့သာဖုံးလွှမ်းနေတာဖြစ်ပါတယ်။ အဲဒီသစ်တောအများစုကလည်း အပျိုစင်သစ်တောများသာဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့နိုင်ငံတွေဟာ နယ်နိမိတ်အနေနဲ့ကြည့်မယ်ဆိုရင် အလွန်သေး ငယ်ကျဉ်း မြောင်းပြီး လူဦးရေလည်း အလွန်နည်းပါးပါတယ်။
ဥပမာအားဖြင့် ဆူရီနမ်နိုင်ငံဆိုရင် အကျယ်အဝန်းက ၁၆၃၈၂၀ စတုရန်း ကီလိုမီတာသာရှိပြီး လူဦးရေဆိုရင်လည်း ၅၈၀၀၀၀ ကျော်သာရှိတဲ့အတွက် ၁ စတုရန်းကီလိုမီတာမှာ လူ ၃ ယောက်ကျော်နှုန်းနဲ့ နေထိုင်နေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနိုင်ငံတွေရဲ့ ဒေသအများစုဟာ တောင်ကုန်းတောင်တန်းနဲ့တောထူထပ်တာကြောင့် အခြေချနေထိုင်သူအများစုဟာလည်း မြေပြန့်များ၊ သွားလာရ လွယ်ကူတဲ့နေရာများမှာသာ နေထိုင်လေ့ရှိပါတယ်။ ဒီလိုတွေကြောင့်လည်း အဲဒီသစ်တောတွေဟာ လူသူအရောက်အပေါက်နဲ့ လူသားတွေရဲ့နှောင့်ယှက်မှုကင်းဝေးတဲ့ အပျိုစင်သစ်တောများအဖြစ် ဆက်လက်တည်ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူဦးရေ နည်းပါးမှုကြောင့် သူတို့အတွက်လိုအပ်ချက် နည်းပါးပါတယ်။ အချိုးအားဖြင့်ကြည့်မယ်ဆိုရင် သဘာဝသယံဇာတကို အသုံးပြုရမှုက လည်း အလွန်နည်းပါးပါတယ်။ ဒါတင်မကသေးပါဘူး။ အဲဒီနိုင်ငံတွေဟာ စက်မှုလုပ်ငန်းထွန်းကားမှု နည်းပါးတဲ့ စီးပွားရေးလုပ်ငန်း တွေကိုလုပ်ကိုင်ကြတာကြောင့် မြေယာပျက်စီးဆုံးရှုံးမှုတွေ၊ တောပြုန်းမှုတွေ၊ သယံဇာတကို အလွဲသုံးစားလုပ်မှုတွေနဲ့လည်း ကင်းဝေးပါတယ်။
သစ်တောနယ်မြေပြောင်းလဲမှုများ
ရာသီဥတုကြောင့်ဖြစ်စေ၊ လူလုပ်ပယောဂကြောင့်ဖြစ်စေ သစ်တောနယ်မြေများက အမြဲတမ်းလိုလိုပြောင်းလဲနေပါတယ်။ ယခင်ရှိပြီး သားထက် သစ်တောနယ်မြေကျယ်ပြန့်လာရခြင်းဟာ လူနေထိုင်ခြင်း မရှိတဲ့နယ်မြေတွေမှာ သစ်တောအသစ်တွေ ထပ်မံပေါ်ထွက် လာမှုနဲ့ လူသားတွေရဲ့သစ်ပင်စိုက်ပျိုးမှုတို့ကြောင့်ဖြစ်ပါတယ်။ သစ်တောနယ်မြေများမပြောင်းလဲဘဲ သဘာဝအတိုင်း ဆက်လက် တည်ရှိခြင်းဟာ များသောအားဖြင့် လူသားတွေအနေနဲ့ သစ်ပင်တွေထပ်မံစိုက်ပျိုးပေးခြင်းကြောင့် ဖြစ်ပါတယ်။
ဒီလိုမျိုး သစ်တောကိုတည်ငြိမ်မှုရှိစွာ ထိန်းသိမ်းထားနိုင်တဲ့ နေရာမှာတော့ ဥရောပတိုက်ကစံပြပါပဲ။ သစ်တောပြုန်းတီးမှုများ လာတဲ့နေရာမှာတော့ ဗဟိုအမေရိက၊ တောင်အမေရိကနဲ့ အာဖရိကဒေသတို့ဖြစ်ပါတယ်။ သဘာဝအလျောက် သစ်တောပြုန်းတီး တယ်ဆိုတာက တောမီးလောင်မှုလိုမျိုး၊ မီးတောင်ပေါက်ကွဲမှုလိုမျိုးအခြေအနေ တွေကြောင့် သစ်တောတွေပျောက်ဆုံးသွားရတာပါ။ ဒါပေမဲ့ သစ်တောပြုန်းတီးမှုအများစုကတော့ လူတို့ရဲ့ ပယောဂကြောင့်ဖြစ်ပါတယ်။ ဗဟိုအမေရိက၊ အမေဇုန်မြစ်ဝှမ်း ဒေသ၊ ကွန်ဂိုမြစ်ဝှမ်းဒေသနဲ့ အနောက်အာဖရိကကမ်းရိုးတန်းအနီးတို့မှာ သစ်တောပြုန်းတီးမှုက လျင်မြန်စွာဖြစ်ပေါ်နေပါတယ်။
သစ်တောပြုန်းတီးမှုများတော့ ဘာဖြစ်လဲဆိုရင် သဘာဝဘေးတွေကိုပိုမိုဖြစ်ပွားလာစေပါတယ်။ သဘာဝဘေးပိုမိုဖြစ်ပွားလာတဲ့ အတွက် လူသားတွေသေကျေပျက်စီးမှု၊ ပိုင်ဆိုင်တဲ့အရာတွေဆုံးရှုံးမှုတို့ကိုပါ နောက်ဆက်တွဲဖြစ်ပေါ်စေပါလိမ့်မယ်။ ဒီအတွက် ကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လိုသစ်တောမျိုးကိုမဆို လူသားတို့အနေနဲ့ တန်ဖိုးထားထိန်းသိမ်းမှသာ သဘာဝပတ်ဝန်းကျင်က လည်း လူသားတွေကိုတစ်ဖန်ပြန်လည်တန်ဖိုးထား ထိန်းသိမ်းပေးမှာဖြစ်ပါတယ်။
ထက်မြတ်