လူ့အသုံးအဆောင်ပစ္စည်းများနှင့် ရောဂါပိုးမွှားများ

ကမ္ဘာတစ်ဝန်း လူတိုင်းနေ့စဉ်မဖြစ်မနေကြုံတွေ့ဖြေ ရှင်းနေရသည့်အချက်မှာ စားဝတ်နေထိုင်ရေးအမှု ကိစ္စများပင်ဖြစ်ပေသည်။ မိသားစုဝင်တိုင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးများတွင် အဆင် ပြေချောမွေ့စေရေးအတွက် စနစ်တကျစီမံခန့်ခွဲရန် လိုအပ်သည်။ ယခုဆောင်းပါးတွင် မိသားစုဝင်တိုင်း အလေးထားလိုက်နာဆောင်ရွက်သင့်သော ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များမှ တစ်ကိုယ်ရေသန့်ရှင်း မှုသည်သာ ပဓာန ဟူသည့်အချက်ကို သတိပေးရန် ရည်ရွယ်ထားသည်။ တစ်နေ့တာ၏ လေးပုံတစ်ပုံ (၆ နာရီ ) သို့မဟုတ် သုံးပုံတစ်ပုံ (၈ နာရီ )ခန့်သည် အိပ်စက်အနားယူကြသဖြင့် အိပ်ရာပေါ်တွင် အချိန်ကုန်ဆုံးကြသည်။ သို့ဖြစ်ရာ အချိန်ယူထိတွေ့လျက်ရှိသည့်နေရာရှိ အခင်းအကျင်းများ သန့်ပြန့်နေစေရန်မှာ အလွန်အရေးကြီးပြီး သန့်စင်စေအောင် မည်ကဲ့သို့ဆောင်ရွက်မည်ကိုသိရှိပြီး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သင့် ပေသည်။ နိုင်ငံတကာ သုတေသနပညာရှင် များ၏ ရလဒ်များအရ အိပ်ရာခင်းများအား မလျှော်မဖွပ်ပါက ဖြစ်ပေါ်လာနိုင်ခြေများကို လေ့လာရန်တစ်လက်မပတ်လည် အရွယ်အစားတစ်ခုတွင် ရောဂါပိုးစုစည်း ပေါက်ပွားမှုနှုန်းကို စမ်းသပ်ရှာဖွေကြည့်ရာရက်သတ္တပတ်အကြာတွင် သိန်း ၁၂၀ ခန့်ထိ ပိုးမွှားများနှင့် ကပ်ပါး ကောင်များ တိုးမြင့်ပေါက်ပွားနေကြောင်းတွေ့ရသည်။ အလွန်ပင်များပြားပြီး အိပ်စက်နေချိန်အတွင်း အချိန်မရွေး ရောဂါပိုးကူးစက်ရန်အသင့်စောင့်ဆိုင်းနေသကဲ့သို့ပင် ဖြစ်နေသည်။ ညစဉ်အိပ်ရာဝင်စဉ် လူတို့၏ ကိုယ်ခန္ဓာမှ နေ့စဉ်အရေပြားဆဲလ်များ ၁၅ မီလီယံခန့် အလိုအလျောက်ကြွေကျပျက်စီးလျက်ရှိသည်။ အဆိုပါကြွေကျပြီးသော အရေပြားဆဲလ်များသည် အိပ်ရာခင်းပေါ်ရှိ အလွန်သေးငယ်သော ရောဂါပိုးမွှားများ၊ ကပ်ပါးကောင်များ(မွှား၊ လှေး၊ သန်းကောင်များ) အတွက်အစားအစာများဖြစ်စေသည်။ ထိုအကောင်ငယ်များ သည် ကြွေကျပြီးဆဲလ်များကို စားသုံးကာ အသက်ရှင်မျိုးပွားနိုင်ပြီး လူ့ခန္ဓာကိုယ်အတွင်းဝင်ရောက်ကာ ရောဂါလက္ခဏာရပ်များကို ဖြစ်ပေါ်လာစေသည်။ အဆိုပါအလွန်သေးငယ်သော ကပ်ပါးပိုးမွှားကောင်များနှင့် ၎င်းတို့၏ စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများထိတွေ့ကူးစက်ပါက ဓာတ်မတည့်ခြင်းဖြစ်စဉ်များဖြစ် ပေါ်လာစေပါသည်။ မိသားစုအသုံးအဆောင်များဖြစ်သော အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်များကို ရောဂါပိုးမွှား ကင်းစင်အောင် မလျှော်ဖွပ်ဘဲ အသုံးပြုနေပါက ဗက်တီးရီးယားများ၊ မှိုများပေါက်ပွားလာနိုင်ကြောင်း တွေ့ရသည်။ အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား လူပျိုများ၏ ၅၅ ရာခိုင်နှုန်းသည် ၁ နှစ်လျှင် ၄ ကြိမ်မျှသာ အိပ်ရာ ခင်းများလဲလှယ်ကြောင်း စစ်တမ်းများကောက်ခံသိရှိ ရသည်။ အလွန်ပင်အန္တရာယ်များပြီး ကပ်ပါးပိုးမွှားများ၊ ဗက်တီးရီးယားများနှင့်မှိုများ အလွန်ပင်ပေါက်ပွားနေနိုင်ပြီး ရောဂါဖြစ်ပွားမှုကို အသင့်စောင့်ကြိုနေသကဲ့သို့ ပင်ဖြစ်နေသည်။ အမှန်တကယ် ရောဂါပိုးကင်းစင်အောင်ဆောင်ရွက်သော်လည်း ပုံမှန်အတိုင်းလျှော်ဖွပ်ပါက အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်မှ ၆၅ ဒီဂရီစင်တီဂရိတ်သည် ရောဂါပိုးအားလုံးကို ပျောက်ကင်းအောင် မလုံလောက်ပေ။ ထို့ကြောင့် အိပ်ရာခင်း များလျှော်ဖွပ်သန့်စင်ခြင်း စနစ်တကျမဆောင်ရွက်ပါက ထောင်သောင်း မကသော ကပ်ပါးကောင်များနှင့် အတူအိပ်စက်အနားယူသကဲ့သို့ဖြစ်နေသည်။

ထိုသို့ မလျှော်ဖွပ်ထားသောအဝတ်များရှိ ပိုးမွှားပေါက်ပွားမှုကို သိသိသာသာတွေ့နိုင်သည့် အရာများနှင့် နှိုင်းယှဉ်ရာ တစ်ပတ်အကြာတွင် ရေချိုးခန်းသုံးတံခါးလက်ကိုင်ရှိ ဗက်တီးရီးယားများထက် ၂၄၆၃၁ ဆ၊ နှစ်ပတ်အကြာတွင် တိရစ္ဆာန်များအသုံးပြုသောပစ္စည်းထက် ၃၀၂ ဆ၊ သုံးပတ်အကြာတွင် မီးဖိုချောင်ရှိ ရေဆေးသည့်နေရာထက် ၄၀၅ ဆနှင့် လေးပတ်အကြာတွင် သွားတိုက်တံလက်ကိုင်ထက် ၅ ဒသမ ၄ ဆရှိကြောင်း လေ့လာတွေ့ရှိထားသည်။ ၎င်းကပ်ပါးကောင်များသည် မျက်စိ၊ နှာခေါင်း၊ပါးစပ်၊ အရေပြား၊ ဒဏ်ရာရရှိသောအနာများ၊ အသက်ရှူလမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ကာ ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်စေပြီး မျက်စိနာခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ဖျားနာခြင်း၊ ရင်ကျပ်ပန်းနာဖြစ်ခြင်း၊ အသက်ရှူ လမ်းကြောင်းပိုးဝင်ခြင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်စေနိုင်သည်။ မိမိတို့အသုံးပြုနေသော အသုံးအဆောင် များသည် ပတ်ဝန်းကျင်စိုထိုင်းဆများခြင်း၊ အိပ်စက်အနားယူသောသူများမှ ထွက်သောချွေးများ၊ အပူများကြောင့် ကပ်ပါးရောဂါများအပြင်မှိုများပေါက်နေနိုင်သည်ကိုလည်း သတိပြုသင့်သည်။ အဓိကအားဖြင့် မှိုမျိုးစိတ် အမျိုးအစား ၁၆ မျိုးခန့်ရှိရာ ယေဘုယျအားဖြင့် လူကိုအန္တရာယ်ဖြစ်စေသော မှိုတစ်မျိုးမှာ Aspergillus fumigatus ဖြစ်သည်။ ၎င်းမှိုမျိုးစိတ်သည် ဓာတ်မတည့်ဖြစ်စဉ်သာမက အဆုတ်အတွင်းပိုင်းသို့ဝင်ရောက်ခြင်း၊ သွေးကြောမှတစ်ဆင့် အခြားအတွင်းကလီစာများသို့ရောက်ရှိခြင်းဖြင့် ရောဂါလက္ခဏာများဖြစ်ပေါ်စေသည်။ ထို့အတူ ဗက်တီးရီးယားပိုးမွှားများသည် မလျှော်ဖွပ်ထားသော ခေါင်းအုံး၊ အိပ်ရာခင်းများကို အလွန် ကြိုက်နှစ်သက်ပြီး ကပ်ငြိပေါက်ပွားကြသည်။ အဆိုပါပိုးမွှားများသည် တိရစ္ဆာ န်အစာများထည့်သည့်ခွက်များရှိ ဗက်တီးရီးယားပေါက်ပွားမှုထက် ၃၉ ဆပိုများနိုင်ပြီး ရေအိမ် ကမုတ်ခွက်ထက် ထောင်သောင်းမက ပိုမို ပေါက်ပွားနေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ ဗက်တီးရီးယားများမှ Staphylococcus aureus သည် ရောဂါလက္ခဏာပြင်းထန်စွာပြသနိုင်ပြီး အသက်အန္တရာယ်ဆုံးရှုံးစေသည်အထိဖြစ်စေသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့်ပတ်သက်၍ သန်းကူးစက်ခံရမှုကိုလည်း ဆွေးနွေးရန်လိုအပ်သည်။ သန်းများသည် သေးငယ်သော အတောင်မရှိသည့်ကပ်ပါးကောင်များဖြစ်သည်။ သန်းများသည် ခန္ဓာကိုယ်သို့မဟုတ် အဝတ်များပေါ်တွင် လွယ်ကူစွာပျံ့နှံ့ပြီးအရေပြားပေါ်တွင် ကုပ်တွယ်နေပြီး ရောင်ရမ်းနာကျင်ခြင်းကို ဖြစ်စေသည်။ အဝတ်အစား၊ အိပ်ရာခင်းတို့ကိုထိတွေ့ခြင်းဖြင့်လည်း ကူးစက်ပျံ့နှံ့ပြီး အရေပြားပေါ်သို့ရောက်ကာ သွေးစုပ်ကြသည်။ သန်းကူးစက်ခြင်းကြောင့် အဖြစ်များသော ရောဂါလက္ခဏာများမှာပြင်းထန်စွာယားယံခြင်း၊ ဦးခေါင်းယားယံခြင်း၊ ဦးရေပြား၊ လည်ပင်းနှင့်ပခုံးတို့တွင် အနီရောင်အဖုများ ဖြစ်ပေါ်ခြင်းနှင့် ဦးရေပြား နာကျင်ခြင်းတို့ပင်ဖြစ်သည်။ သန်းရှိသော အဝတ်အစား၊ ခေါင်းအုံးများသည်ပရိဘောဂများအနီးတွင်ရှိသော ခေါင်းအုံးများနှင့်စောင်များကို ကူးစက်စေနိုင်သည်။ ထို့ပြင် ညစ်ပတ်နေသော၊ မလျှော်ဖွပ်ထားသော အိပ်ရာခင်း များနှင့် လူတို့၏ မျက်နှာများထိမိ၊ ပွတ်မိခြင်းမှ ဝက်ခြံများပေါက်စေနိုင်သည်။ ညစဉ် လူ၏ခန္ဓာကိုယ်၊ မျက်စိ၊ ဦးခေါင်းဆံပင်များတွင် လိမ်းခြယ်ထားသော မိတ်ကပ်များ၊ အဆီများ၊ အရည်များသည်အိပ်ရာဝင်ချိန်တွင် အိပ်ရာခင်း၊ ခေါင်းအုံးများအပေါ်ရောက်ရှိပြီး ပိုးများပေါက်ပွားကာ ဝက်ခြံဖြစ်စေနိုင်မှုကိုလည်း အားပေး ကြောင်းတွေ့ရသည်။ အဆိုပါပြဿနာများကျော်လွှားနိုင်ရန် ဆောင်ရွက်ရမည့်နည်းလမ်းမှာ အလွန်ပင်ရိုးရှင်း လွယ်ကူသည်။ မိသားစုအသုံးအဆောင်ပစ္စည်းများ၊ အိပ်ရာခင်း၊ခေါင်းအုံးစွပ်စသည်တို့ကို ပွက်ပွက်ဆူနေသည့် ရေနွေးအသုံးပြု၍ တစ်ပတ်လျှင်အနည်းဆုံးတစ်ကြိမ် လျှော်ဖွပ်ပေးခြင်း၊ လျှော်ဖွပ်ပြီးအဝတ်များကို နေပူပူတွင် အချိန်ကြာမြင့်စွာလှန်းထားခြင်ဖြင့် ဗက်တီးရီးယားများ၊ကပ်ပါးကောင်များ၊ အဆီများအပြင် အခြားမှိုများကို သန့်စင်စေနိုင်ကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ထားသည်။ ထိုသို့လျှော်ဖွပ်ရာတွင် နေ့စဉ်ဝတ်ဆင်နေသော အဝတ်များနှင့် အိပ်ရာခင်းကဲ့သို့ တစ်ပတ်တစ်ကြိမ်လျှော်ဖွပ်သော အသုံးအဆောင်ပစ္စည်းများကို ရောနှောပြီး ဆပ်ပြာဖြင့်ကြိုတင်ရေစိမ်ထားခြင်း၊ တစ်ပြိုင်နက်အတူတူရောနှောလျှော်ဖွပ်ခြင်း၊ အဝတ်လျှော်စက် အသုံးပြု ပါကလည်း တစ်ပြိုင်နက်ရောနှောလျှော်ဖွပ်ခြင်း စသည်တို့သည် မတူညီသောနေရာ၊ ပုံစံ၊ အခြေ အနေတို့မှ ရရှိလာသော ရောဂါပိုးမွှားများ၊ ကပ်ပါးကောင်များ၊ မှိုများကိုလျှော်ဖွပ်သည့်အဝတ်အထည် အသုံးအဆောင် များသို့ တစ်ပြေးညီကူးစက်ပျံ့နှံ့စေနိုင်သဖြင့် ရောဂါပိုးမွှားများကို ဖလှယ်နေသကဲ့သို့ဖြစ်နေကြောင်း သတိပြု မိစေလိုသည်။ သို့ဖြစ်၍ နေ့စဉ်ဝတ်ဆင်ပြီး လျှော်ဖွပ်သော အဝတ်အစားများအား ခွဲခြား၍ လျှော်ဖွပ်ခြင်း၊ တစ်ပတ်တစ်ကြိမ် လျှော်ဖွပ်သော အသုံးအဆောင်များကို အချိန်ပိုမိုရယူ၍ လျှော်ဖွပ်ခြင်းများ ဆောင်ရွက် သင့်သည်။ အဓိကအားဖြင့် ကပ်ပါးကောင်များသည် ရေကိုရောဂါပိုး၏ခန္ဓာကိုယ်ပြင်ပရှိ အပေါက်ငယ်များ ကလေထုထဲမှရေဓာတ်ကိုစုပ်ယူပြီး အစာကို လူ၏ခန္ဓာ ကိုယ်မှ ကြွေကျသည့်ဆဲလ်များကို စားသုံးအသက် ရှင်နေသည်ကိုတွေ့ရသည်။ သို့ဖြစ်၍ အဆိုပါကပ်ပါးကောင်များ သေဆုံးစေရန် အိပ်ရာခင်းများ စိုထိုင်းဆ မများစေရန်နှင့် ရေလုံးဝကင်းစင်စေရန် သတ်မှတ်အပူချိန်အတွင်း အကြိမ်အရေအတွက်များစွာ ထားရှိရန် လိုအပ်သည်။

နိုင်ငံတကာရှိကုန်ထုတ်လုပ်မှုများ အဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ လူ့အသုံးအဆောင်ပစ္စည်း များသည် လည်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိအမြင်များပေါ်မူတည်၍ ပြုပြင်ပြောင်းလဲ ထုတ်လုပ် လာခဲ့ကြသည်။ အထက်ဖော်ပြပါ လူ့အသုံးအဆောင်ပစ္စည်းများဖြစ်သည့် အိပ်ရာခင်း၊ ခေါင်းအုံးစွပ်စသည် တို့ကိုပြုလုပ်ရာတွင် အသုံးပြုသည့် အဝတ် အထည်များတွင် ရောဂါပိုးမွှားများကာကွယ်ပေးနိုင်သည့် (Impregnating Textiles with Divalent Cations) ဂုဏ်သတ္တိရှိသော သတ္တုများထည့်သွင်းထားသည်ကို တွေ့ရသည်။ အဆိုပါအဝတ်အထည် များသည် ရောဂါပိုးမွှားကို အမြဲတစေကပ်ငြိနေခြင်းမှဆန့်ကျင်ပေးခြင်း၊ အညစ်အကြေးအနံ့ထိန်းပေးခြင်းနှင့် ရောဂါပိုးပျံ့နှံ့မှုကိုထိန်းပေးနိုင်သည့် ဂုဏ်သတ္တိများကြောင့် အကျိုး ကျေးဇူးများစွာရှိသည်။ ယခုအခြေအနေတွင် ဈေးနှုန်းအားဖြင့် အထိုက်အလျောက်မြင့်မားသည့်အတွက် ထုတ်လုပ်မှုပမာဏ နည်းပါးခြင်းနှင့် ဈေးကွက်အတွင်း နေရာအနှံ့မရရှိနိုင်ခြင်းတို့ကြောင့် လူတိုင်း အလွယ်တကူ သုံးစွဲနိုင်ရန်မဖြစ်နိုင်ပါ။ သို့ဖြစ်၍ မိမိတို့အိမ်တွင် သမားရိုးကျအသုံးပြုနေသောအဝတ်အထည်၊ စောင်အခင်း များအား အကြံပြုဖော်ပြထားသည့် နည်းစနစ်အတိုင်း လျှော်ဖွပ်သန့်စင်ခြင်းသည် လက်တွေ့ကျသော နည်းလမ်းဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးလိုသည်။ ဆေးရုံများတွင်လည်း ဆေးရုံတက်လူနာများအတွက် ထားရှိသည့် အသုံးအဆောင်ပစ္စည်းများတွင်ဆိုပါက ရောဂါပိုးမွှားများပိုမိုကပ်ငြိနေနိုင်သဖြင့် ပိုးသန့်စင် ခြင်းလုပ်ငန်းများကို အထူးသီးသန့်ဆောင်ရွက်ရသည်။ ဆေးရုံတက်လူနာများမှတစ်ဆင့် ရောဂါပိုးမွှားပေါင်းစုံ ကူးစက်ပျံ့နှံ့ရာတွင် အသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခြင်းမှလည်း အဓိကကူးစက်ကြသည်ဖြစ်ရာ အချိန်ကာလ ကြာလာသည်နှင့်အမျှ ရောဂါပိုးများ၏ ဆေးယဉ်ပါးမှုများ ကူးစက်ခံရခြင်းကိုပါ ကြုံတွေ့ လာရသည်။ နှစ်စဉ် ပိုးသတ်ဆေးယဉ်ပါးကူးစက်မှုကြောင့် ဆေးရုံတက်ဦးရေ သိန်းပေါင်းများစွာ အသက်ဆုံးရှုံး လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် ဆေးရုံများတွင် ဆေးကုသခြင်းလုပ်ငန်းများအပြင် အုပ်ချုပ်မှုကိစ္စရပ်များဖြစ်သည့် လူနာဆောင်အသုံးအဆောင်များ ရာနှုန်းပြည့်ပိုးမွှားကင်းစင်စေရေးကို အလေးအနက်ထား ဆောင်ရွက်ကြသည်။ မိမိတို့၏မိသားစုဝင် အိမ်သားအားလုံးကို သာမန်ဆောင်ရွက်ရမည့် တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စရပ်များကို အလေးအနက်ထားဆောင်ရွက်ခြင်းအားဖြင့် မလိုလားအပ်သော ကျန်းမာရေးပြဿနာရပ်များအားအတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည်မှာမလွဲဧကန်ပင်ဖြစ်ကြောင်း အသိပညာပေး နှိုးဆော်အပ်ပါသည်။