နေပြည်တော် သြဂုတ် ၁၈
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နေသော ကာလဖြစ်သည့်အလျောက် ဆေးရုံများနှင့် Quarantine Center များတွင် ဓာတ်အားမပြတ်တောက်စေရေးအပြင် ပြည်သူလူထုအားလုံးမှ မိမိတို့နေအိမ်၌ Stay at Home နေထိုင်နေသည့် ကာလဖြစ်၍ မိသားစုအလိုက်လိုအပ်သောလျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန်နှင့် မီးပျက်ခြင်းမရှိအောင် ကြိုးစား ဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးကယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ရုံးအမှတ် ၂၇ ၌ ကျင်းပသည့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားပြတ်တောက်မှု လျော့နည်းပပျောက်စေရေးတို့နှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား ပြတ်တောက်မှုလျော့နည်းပပျောက်စေရေး၊ ဓာတ်အားစနစ်တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ယခုအချိန်၌ ရာသီဥတုကြောင့်၊ တိရစ္ဆာန်များကြောင့်၊ သစ်ပင်သစ်ကိုင်းများကြောင့် စသည့်အချက်များဖြင့် ဓာတ်အား ပြတ်တောက်မှု များရှိနေ ပါသေးကြောင်း၊ ထိုသို့ပြတ်တောက်နေမှုများကို နောင်တွင် လျှပ်စစ်ဓာတ်အား(လုံးဝမပြတ်တောက်စေရေး)ဆိုသည့် ရည်မှန်း ချက်နှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားခများ ကောက်ခံမှု၌ မီတာဖတ်ဝန်ထမ်း မလုံလောက်ခြင်းအပါ အဝင် အခြားအခက်အခဲများ တွေ့ကြုံခဲ့ရပါကြောင်း၊ ဓာတ်အားခကောက်ခံငွေများသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး နှင့်ဖြန့်ဖြူးရေး လုပ်ငန်းများအတွက် ပြန်လည်အသုံးပြုသွားရမည့် ဘဏ္ဍာငွေများဖြစ်သဖြင့် ဓာတ်အားခရရှိရေးဆောင်ရွက်ခြင်းသည် မိမိတို့ ဝန်ထမ်းများ၏ အဓိကတာဝန်ဖြစ်ပြီးဓာတ်အားခပေးဆောင်ရန်မှာ မီးသုံးစွဲသူပြည်သူများ၏ တာဝန်ဖြစ်ပါကြောင်း၊ ယခု ပြည်သူများ သုံးစွဲခဲ့ပြီး ဓာတ်အားခများ ကောက်ခံနေခြင်းသည် မိမိတို့သုံးစွဲပြီး ကျသင့်ငွေကိုပေးဆောင်ခြင်းဖြစ်၍ လုပ်ရိုးလုပ်စဉ်ပင်ဖြစ်ပါကြောင်း၊ မီတာခကောက်ခံရရှိရေး ဝန်ထမ်းများအနေဖြင့် လက်တွဲညီညီဖြင့် ဆက်လက် ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဌာနကြီးမှူးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ခရိုင်လျှပ်စစ်မန်နေဂျာများနှင့် ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက ဓာတ်အားခွဲရုံများအလိုက် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့မှု၊ မြို့နယ်အသီးသီးရှိ ထရန်စဖော်မာတစ်ခုချင်းအလိုက် ဓာတ်အားပြတ်တောက်ခဲ့မှုအခြေအနေနှင့် ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ်စေရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။ ဆွေးနွေးတင်ပြမှုများအပေါ် ပြည် ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)