လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် ပုသိမ်ကြီး မြို့နယ်တို့ရှိ ကျေးရွာ/ရပ်ကွက် အချို့မှ  ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်

နေပြည်တော်  ဧပြီ  ၂၂

COVID-19ရောဂါ   ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက် နေစဉ်ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို    အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ယနေ့တွင်   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရေဥက္ကံကျေးရွာ၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၁၅)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၂၁) ရပ်ကွက်များရှိ အိမ်ထောင်စု စုစုပေါင်း ၉၅ဝ၅ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ များကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက  ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

အလားတူ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်(၂)အတွင်းရှိ အိမ်ထောင်စု စုစုပေါင်း ၃၅ဝ စုတို့အတွက် ဆန်များကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများအား အဆိုပါရပ်ကွက် ဓမ္မာရုံ၌ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။