ဝမ်းမီးမငြိမ်းပါစေနှင့်

ဝမ်းမီးမငြိမ်းပါစေနှင့်

ရှေးကပုံပြင်တစ်ပုဒ်တွင် မင်းသားတစ်ပါးသည် တောကစားထွက်ရာမှ မျက်စိလည်လမ်းမှားပြီး တောအုပ်တစ်ခု၏ပြင်ပ ကွင်းပြင်ကြီး တစ်ခုသို့ရောက်သွားသည်။ နေကလည်းပူပြင်း.. သောက်စရာရေကလည်းမပါ...၊ အလွန်မောဟိုက်ပြီး ဝမ်းဗိုက်အတွင်းမှ ဆာလောင် မှုမှာ လွန်ကဲလာလေသည်။

ဆက်၍ ခရီးကြမ်းနှင်ခဲ့ရာ ကွင်းပြင်အဆုံးတစ်နေရာတွင် တဲငယ်လေးတစ်လုံးကိုတွေ့ရလေသည်။ ထိုတဲငယ်အတွင်းတွင် ထိုင်နေ သော အဘိုးအိုတစ်ဦးကိုတွေ့ရသဖြင့် မိမိအစာငတ်ရေငတ်ဖြစ်လာကြောင်းပြောပြ၍ အကူအညီတောင်းလေသည်။ ထိုအခါ အဘိုးအို က သူ့တွင်ရှိသမျှအစာအဖြစ် ငှက်ပျောသီးတစ်ဖီးနှင့်ရေတစ်ခွက်ကိုပေးလေရာ မင်းသားမှာ ငတ်လာသမျှ ရေနှင့်ငှက်ပျောသီး ကိုအဝ စားလေသည်။

မကြာမတင်အချိန်အတွင်းမှာပင် အဖော်များက မင်းသားကိုလိုက်လံရှာဖွေရာမှ တွေ့ရှိသွားလေရာ မင်းသားကိုလှည်းယဉ်ဖြင့်တင်ပြီး ခေါ်ဆောင်သွားကြလေသည်။ နန်းတော်သို့ပြန်လည်ရောက်ရှိသောအခါ တစ်ရက်ကြာအစာငတ်ရေငတ်ခဲ့သောမင်းသားအတွက် စားကောင်း သောက်ဖွယ်များဖြင့် ပွဲတော်အုပ်တည်ခင်းကာ ကျွေးမွေးကြလေသည်။ သို့သော် မင်းသားမှာ မစားနိုင်မ သောက်နိုင် ဖြစ်နေပြီး နောက်ရက်များတွင်လည်း ဆက်လက်၍ပင် အစာစားချင်စိတ်မရှိတော့ကြောင်း ငြင်းဆိုနေလေတော့သည်။

ထိုမင်းသားအဖြစ်ကိုကြည့်လျှင် အစာမစားချင်ဖြစ်ရသည့် အကြောင်းရင်းမှာ ရာသီဥတုပူပြင်းပြီး အလွန်ဆာလောင်နေသော အချိန်တွင် ဝမ်းမီးကိုငြိမ်းစေသည့်ရေတစ်ခွက်နှင့် ငှက်ပျောသီးကိုစားလိုက်သောကြောင့်ပင်ဖြစ်သည်။ ရုတ်တရက် ဆာလောင် နေသောသူ၊ တစ်နည်းအားဖြင့် ရင်ပူပြီး ဝမ်းမီးတောက်နေသူကို အအေးစာဖြစ်သောရေအေးနှင့် အအေးစာ ဖြစ်သော ငှက်ပျောသီး မှည့်တို့ကိုကျွေးလိုက်သောအခါ မီးပုံကိုရေအေးလောင်းချသကဲ့သို့ ရုတ်တရက် မီးငြိမ်းသွားပြီး “ဝမ်းမီး”ပျက်သွားခြင်းဖြစ်သည်။ “ဝမ်းမီး”ပျက်သွားသဖြင့် စားချင်စိတ်မရှိတော့သောမင်းသားလေးမှာ နောက်ရက်အထိ အစာမတောင်းတော့ခြင်းဖြစ်ပါသည်။

တိုင်းရင်းဆေးပညာကို စတင်သင်ကြားခဲ့စဉ်က “ရောဂါမူလံ အဇိဏ္ဏကံ”ဟူသောပါဠိစာကို သင်ကြားခဲ့ရသည်ကို အမှတ်ရမိပါသည်။ အဓိပ္ပာယ်မှာ “ရောဂါဟူသမျှ အစာမကြေခြင်းမှစသည်”ဟုဆိုလိုသည်။ မှန်ပါသည်။ မြို့ကြီးပြကြီးတွင်နေထိုင်သူများကို ကြည့်လျှင် စားဝတ်နေရေးအတွက် နေ့စဉ်အပြေးအလွှား သွားကြလာကြလုပ်ကိုင်ကြရသဖြင့် အစာကိုအချိန်မှန်မစားနိုင်ကြပေ။ ရုံးဝန်ထမ်းများ ကိုကြည့်လျှင် နံနက်ကချက်ပြီး  ချိုင့်နှင့်ဘူးနှင့်ထည့်လာခဲ့သော ထမင်းအေးဟင်းအေးကို နေ့လယ်ကျမှစားရသဖြင့် ကြာတော့ အစာမကြေရောဂါရလာသည်။ ပူပူနွေးနွေးစားရသောအစာနှင့် အေးခဲမာတောင့်နေသောအစာမတူပါ။ အစာအိမ်က ကြေညက် အောင်ချက်ရသော အချိန်မတူပါ။ အေးခဲလျှင်၊ မာလျှင်ပို၍ ကြာကြာခြေရသည်။ ကြာသောအခါ အစာအိမ်ရောင်သော ရောဂါရလာ တော့သည်။

အစာမကြေသောသူများ ပထမဆုံးရလာသောရောဂါမှာ နောက်ကျောတက်ခြင်းပင် ဖြစ်သည်။  “အစာမကြေနောက် ကျောတက် ရောဂါ” ဟုခေါ်သည်။ ဇက်ကြောကိုအမြဲအနှိပ်ခံ၊ တံတောင်နှင့် အထောင်းခံနေကြရသူများ၏ မူလအကြောင်းရင်းခံမှာ အစာစား ချိန်မမှန်ခြင်း၊ ထမင်းအေးဟင်းအေးစားရခြင်းနှင့် အစာမကြေခြင်းပင်ဖြစ်သည်။

“ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံးမခဲ” ဟူသော ပမာစကားမှာ ဝမ်းထဲမှအစာအိမ်ကောင်း၊ ဝမ်းမီးအားကောင်းနေလျှင် ခေါင်းမခဲ၊ ခေါင်းမကိုက်ဟု ဆိုလိုခြင်းဖြစ်သည်။ အစာကြေခြင်းနှင့် ဝမ်းမီးအကြောင်းပြောရလျှင် တိုင်းရင်းဆေးကျမ်းတို့အဆိုတွင် “စားသောက်အပ်သော အစာအာဟာရတို့သည် အစာအိမ်သို့ ရှေးဦးစွာရောက်ရ၏။ အစာအိမ်သို့ ရောက်သောအစာကို ကျက်အောင်ချက်လုပ်သည်ကား “ဝမ်းမီး” ပင်ဖြစ်၏။ “ပါစကတေဇော” ဟုလည်းခေါ်၏” ဟုရေးသားထားသည်ကိုတွေ့ရသည်။ ဝမ်းမီးလေးမျိုးရှိသည်ဟု ဆေးကျမ်းများကဆိုသည်။

(၁) သမဝမ်းမီး(မျှတသောဝမ်းမီး)

(၂) မန္ဒဝမ်းမီး(အားနည်းသောဝမ်းမီး)

(၃) တိက္ခဝမ်းမီး(ထက်သောဝမ်းမီး)

(၄) ဝိသမဝမ်းမီး(မမျှတသောဝမ်းမီး)

“ဝမ်းမီး” ညီညွတ်မျှတနေလျှင် ရောဂါမဖြစ်နိုင်၊ ဝမ်းမီးမညီညွတ်မမျှတဘဲ လွန်ကဲ၍သော်လည်းကောင်း၊ ယုတ်လျော့၍ သော်လည်း ကောင်းဖြစ်ခဲ့လျှင် ထိုဝမ်းမီးကိုအကြောင်းပြု၍အစာမကြေ “အဇိဏ္ဏ” ရောဂါဖြစ်ရလေသည်။ အစာမကြေရောဂါကို ကြီးကြီးမားမား မဟုတ်ဟူ၍ ပေါ့ပေါ့ဆဆနေရာမှ နောက်ဆက်တွဲရောဂါကြီးများဝင်လာလျှင် ကုသရခက်ခဲလေသည်။

ရှေးကနန်းတွင်းသမားတော်ခန့်အပ်ရန် ရွေးချယ်သည့်စာမေးပွဲတွင် အလွန်သန်စွမ်းသည့်သားသတ်သမားကြီးများကို ဖျားအောင် ပြုလုပ်ရမည်ဟုစေခိုင်းလေရာ ဖြေဆိုသူက ထိုလူသန်ကြီးများကို နေမွန်းတည့်ချိန်တွင် နန်းတော်ကိုဆယ်ပတ်ပတ်၍ပြေးခိုင်းသည်။ ထို့နောက် ငှက်ပျောသီးအဝစားခိုင်းသည်။ ငှက်ပျောသီးစားပြီးနောက် မကြာမီတဟီးဟီး တုန်ပြီးဖျားကြလေတော့သည်။ စာမေးပွဲဖြေ သည့်သမားတော်လောင်းမှာလည်း စာမေးပွဲအောင်မြင်လေသည်။

အချို့သော ရောဂါများကိုကုသရာတွင် ဆရာများ၊ ဆရာဝန်များက ဆေးချက်ချကုသရာတွင် ပြင်းထန်သောဆေးများပေးသဖြင့် အစားအသောက်ပျက်ပြီး ဘာမျှမစားချင်၊ မသောက်ချင်ဖြစ်သွားသူများကို တွေ့ရဖူးပါသည်။ အစာမဝင်သဖြင့် အားဖြည့်အချိုရည် ပုလင်းကြီးများ ချိတ်ထားရင်းမှပင် တဖြည်းဖြည်းဆုတ်ယုတ်လာပြီး ပါးစပ်မှအစာမဝင်တော့ဘဲ ဆုံးပါးသွားရသူများရှိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဆေးပြင်းသဖြင့်  ဝမ်းမီးပျက်သွားရခြင်းဖြစ်သည်။ ရှေးကဆရာကြီးများက အစာမဝင်၊ ရေမဝင်တော့လျှင် “ဝမ်းမီးပျက်သွားပြီ” ဟုပြောကြသည်။ ဝမ်းမီးငြိမ်းသွားပြီဆိုလျှင် အသက်သေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် “ဝမ်းမီးပျက်သော်   သိကြားဆင်းကုသော်မှမရ” ဟုရှေးဆရာကြီးများက ဆိုကြသည်။

အထက်ကရေးသားခဲ့သော မင်းသား၏ အဖြစ်အပျက်ကိုသတိမူ၍ ရုတ်တရက်နေပူထဲမှပြန်လာလျှင် ဆာလောင်နေလျှင် ချက်ချင်းရေ အေးမသောက်ပါနှင့်။ ရေခဲရေသောက်လျှင်ပို၍ဆိုးပါသည်။ ဆာလောင်နေချိန်တွင် အအေးစာများမစားမိပါစေနှင့်။ အအေးစာဆိုသည်မှာ ငှက်ပျောသီး၊ သခွားသီး၊ ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီး၊ ကျွဲကောသီး၊ လိမ္မော်သီး၊ သင်္ဘောသီးမှည့်၊ ရေခဲရေ၊ ရေခဲမုန့်၊ ရေခဲသေတ္တာတွင်းမှအချိုရည်ဘူးများ၊ ဖျော်ရည်အေးများကိုသောက်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

သင်အလုပ်ပင်ပန်းခဲ့လျှင် သို့မဟုတ် ပင်ပန်းသောခရီးမှပြန်လာလျှင် ခေတ္တအနားယူပါ။ အလောတကြီး(ချက်ချင်း) ရေမသောက်ပါ နှင့်။ ၁၅ မိနစ်ခန့်နားပြီးမှ သာမန်မျှအေးသောရေကိုသောက်ပါ။ ထမင်းစားချိန်နီးနေလျှင် အချိုရည်မသောက်ပါနှင့်။ အဆာ လွန်သွားခဲ့လျှင် ကော်ဖီ သို့မဟုတ် စွတ်ပြုတ်ပူပူလေးကို အဆာပြေအရင်သောက်ပြီးမှ စားချင်စိတ်ပေါ်အောင် ဝမ်းမီးတောက် အောင်ပြုပြင်ယူပါဟု အကြံပြုပါရစေ။ ဝမ်းမီးမငြိမ်းပါစေနှင့်။  ။

ကြည်လွင်မြင့်(မုဒြာ)