သစ်တောဦးစီးဌာန ဝန်ထမ်းများ ရန်ပြုတိုက်ခိုက် ခံရမှုနှင့် ဌာနပိုင် အဆောက်အဦများ၊  စိုက်ခင်းများ၊ ဖမ်းဆီးသစ်များ၊ ယာဉ်/ယန္တရားများ၊ ပျိုးဥယျာဉ်များ ဖျက်ဆီးခံရ

နေပြည်တော်   ဇွန်   ၂၈

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁၈ ရက်အထိ ကာလအတွင်း ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့အတွင်း မသမာသူများက သစ်တောဝန်ထမ်းများအား ရန်ပြုတိုက်ခိုက်ခြင်း၊ သစ်တောရုံးများ၊ သစ်တောဘိနယ် စခန်းများ မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသစ်များနှင့် ယာဉ်/ယန္တရားများ၊ ဆက်စပ်ပစ္စည်းများ လုယက် ယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သစ်တော စိုက်ခင်းများမှ ကျွန်းပင်များ ခုတ်လှဲခိုးယူခြင်း စသည့်ဖြစ်စဉ်များ(၂၆)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ထိုသို့ အကြမ်းဖက်တိုက်ခိုက် လုယက်၊ ဖျက်ဆီးမှုများကြောင့် သစ်တောဝန်ထမ်း ၃ ဦး  ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး  နိုင်ငံပိုင် အဆောက်အဦ ၉ လုံး၊ ပုံစံ(၈)ဝင်သစ်/ ဖမ်းဆီးသစ်(ကျွန်း/သစ်မာ/အခြား)၄၈၉ တန်ခန့်၊ မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁၈ စီး၊ လက်ကိုင်စက်လွှ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၁ဝ လုံး၊ ဘက်ထရီအိုး ၉ လုံး၊ အင်ဂျင်၈ လုံး၊ ဆက်စပ်ပစ္စည်း ၅ဝ ခု၊ ဒိုင်နမို ၂ လုံး၊ သက်ကြီး စိုက်ခင်းဟောင်း ၁၂ ခုမှ ကျွန်းပင် ၉ဝ၃၉ ပင်၊ ပျိုးဥယျာဉ် ၂ ခုမှ (ကျွန်း/မန်ဂျန်ရှား) ပျိုးပင်ပေါင်း ၃ဝဝဝဝ ပင်၊ ကျေးရွာသုံး ထင်းစိုက်ခင်း (ယူကလစ်/ မဲဇလီ) ၂ဝ ဧကတို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်း  ၃၄၅၁၅၈၂ဝ၁ ကျပ် ဆုံးရှုံးခဲ့ကြောင်း သိရသည်။     

သစ်တောဦးစီးဌာန