သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချို လဝါဆို

သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချို လဝါဆို

မြန်မာလတစ်ဆယ့်နှစ်လတွင် စတုတ္ထမြောက်လဖြစ်သည့်   ဝါဆိုလသည်  မိုးဖြိုင်ဖြိုင် ရွာသွန်းသည့်လဖြစ်ပါသည်။ ဝါဆိုဝါခေါင်ရေဖောင်ဖောင် ဆိုသည့်စကား နှင့်အညီ အရပ်ရှစ်ခွင်တွင် မိုးရနံ့မကင်းသည့် လေညင်းလေပြင်းများ၊ သစ်ပင်ပန်းမန်များနှင့်အတူ ရေကြီးရေလျှံမှုကိုလည်းတွေ့မြင်ရပါသည်။ ဝါဆိုလပြည့်ကျော် ၁ ရက်မှအစပြု၍ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတို့သည် မိမိတို့သီတင်း သုံးရာကျောင်းပရိဝုဏ် အတွင်း တွင်သာ  မိုးတွင်းသုံးလဆည်းကပ်ပါမည်  (ဣမသ္မိံ ဝိဟာရေ တေမာသံ ဝဿံ ဥပေမိ) ဟု ပဋိညာဉ်ပြုကာ ဝါကပ်သည်ကိုအစွဲပြု၍ ဝါဆိုလဟုသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးတော်မူစဉ် ပြည်သူများက (မိုးတွင်းကာလတွင်  မိစ္ဆာဒိဋ္ဌိများပင် ခရီးသွားလာခြင်းမပြု၊ ငှက် တိရစ္ဆာန် များပင် အသိုက်မပြောင်း၊ သာကီနွယ်ဖွားသံဃာများ ခရီးလှည့်လည်သွားလာသဖြင့် စိုက်ပျိုးသီးနှံများအား နင်းမိဖျက်ဆီးသကဲ့သို့ဖြစ်ပေသည်....) ဟုပြောကြားသည်ကို ကြားတော်မူသဖြင့် ရဟန်းသံဃာတို့အား ဝါတွင်းသုံးလတွင် မိမိကျောင်းပရိဝုဏ် အတွင်းသာ ဝါဆို ဝါကပ်ရန် သိက္ခာပုဒ်ပညတ်တော်မူပါသည်။ ထိုမှစ၍ ရဟန်းသံဃာတို့ သည် ဝါတွင်းသုံးလပတ်လုံး မိမိကျောင်းသင်္ခမ်းအတွင်း တွင် ငြိမ်သက်စွာတရား ကျင့်ကြံခဲ့ကြသလို ဒကာ၊ ဒကာမတို့မှလည်း လပြည့်လကွယ် ဥပုသ်နေ့တိုင်း  သီလ ဆောက်တည်၍ ကုသိုလ်ဒါနပြုခဲ့သည်မှာ  မျက်မှောက်ကာလတိုင်ဖြစ်ပါသည်။

ပုဂံခေတ်တွင် ဝါဆိုလအား မြွယ်တာလ (စိုက်ပျိုးရန်လယ်မြေတိုင်းသည့်လ)ဟု သုံးစွဲရာမှ အင်းဝခေတ်တွင် နွေတာလ၊  နွယ်တာလတို့မှတစ်ဆင့် ဝါဆိုလဟူ၍ သုံးနှုန်းခဲ့ပါသည်။ ဝါဆိုလသည် ကရကဋ် ရာသီဖြစ်၍  ပြုဗ္ဗာသန်နက္ခတ်ဖြစ်ပြီး စန်းယှဉ်တာရာသည် ဗျိုင်းတာရာဖြစ်ကာ ရာသီရုပ်မှာ ပုစွန်လုံးရုပ်ဖြစ်သည်။ မြတ်လေး၊ ပုန်းညက်၊ သရဖီပန်းတို့သည် ရာသီပန်းများဖြစ်၍ ရက်ရာဇာမှာ ဗုဒ္ဓဟူး၊ တနင်္ဂနွေ ဖြစ်ကာ ပြဿဒါးသည် အင်္ဂါ၊ ရာဟု ဖြစ်သည်။ ဆီသည်ရွာစား ဦးအောင်ကြီး၏ (၁၂)လရာသီ လူးတားတွင်-

သာစွလေ... မှိုင်းညှို့မြ

ကောင်းကင်ဝယ်    

လနှင့်အာသဠ်၊ ပြည့်ဝရန်လျှက်

ယဉ်ထန်ရေရူး၊ မိုဃ်းလေဦးနှင့်

ကြိုင်မြူးဧ>မက်၊ ပုန်းညက်သရဖီ

ပွင့်ချင်းညီ၍၊ ရာသီလှည့်ပတ်

ကရကဋ်ဟု၊ နတ်လည်းစက်ယို

လဝါဆိုကား....။

ဟုရေးဖွဲ့ခဲ့သည်ကိုတွေ့ရပါသည်။

သန္ဓေတောထွက် ဓမ္မစက် တစ်ချက် ပြာဋိဟာ ဆိုစကားနှင့်အညီ  ဝါဆိုလပြည့်နေ့ နှင့်ပတ်သက်၍ မှတ်သားဖွယ်ရာများမှာ-

၁။      မယ်တော်မာယာသည် ခန့်မှန်းသက်တော် (၅၅)နှစ်ခန့်တွင် တစ်ဦးတည်း သောသားဖြစ်သည့် ဘုရားအလောင်းအား မဟာသက္ကရာဇ် (၆၇) ခုနှစ် ဝါဆိုလပြည့်  ကြာသပတေးနေ့တွင် ပဋိသန္ဓေတည်တော်မူခဲ့ပါသည်။

၂။      နတ်များဖန်ဆင်းသည့်နိမိတ်ကြီး လေးပါးကိုမြင်တွေ့ခဲ့သည့် ဘုရားအလောင်း သည်   မဟာသက္ကရာဇ်  (၉၇)ခုနှစ် ဝါဆိုလပြည့်သန်းခေါင်ယံတွင် တောထွက် တော်မူခဲ့ ပါသည်။

၃။      ဘုရားအလောင်းသည်  ဘုရား အဖြစ်သို့ရောက်ရှိပြီး  သတ္တာဟ (၇)ဌာန တွင် (၄၉) ရက်စံစားကာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်  ဝါဆိုလပြည့်ညဉ့်ဦးယံတွင် ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးဟောကြားတော်မူခဲ့ပါသည်။

၄။      ရာဇဂြိုဟ်ပြည် ကာဏဥယျာဉ်တွင် ရေမီးအစုံစုံဖြင့်တန်ခိုးပြာဋိဟာပြ၍ ဒိဋ္ဌိတို့အား နှိမ်နင်းခဲ့သည်မှာ မဟာသက္ကရာဇ် (၁၀၉)ခုနှစ် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။

ဓမ္မစကြာတရားတော်

ဓမ္မစကြာဟူသည် ဓမ္မစက္က ပဝတ္တနဖြစ်ပြီး ဓမ္မစက္က(တရားတည်းဟူသောအသိစက်ကို)၊ ပဝတ္တန(ဖြစ်စေခြင်း/လည်စေခြင်း)ဟု အဓိပ္ပာယ်ယူပါသည်။ မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့် ညဉ့်ဦးယံအခါ ဗာရာဏသီပြည် မိဂဒါ ဝုန်တောတွင် ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရား အဖြစ်ဝန်ခံဟောကြားခဲ့သည့် တရားဦးလည်း  ဖြစ်သည်။ ဓမ္မစကြာတရားတော်သည် သစ္စာလေးပါး (ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ) နှင့် မဂ္ဂင်ရှစ်ပါးအားညွှန်းဆိုသည့် ဒေသနာ ဖြစ်ပြီး ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်ဟု ဆိုနိုင်ပါသည်။ ဓမ္မစကြာတရားတော်သည် အစွန်းနှစ်ဖက်ရှောင်ကြဉ်ခြင်း  (မဇ္ဈိမ ပဋိပဒါ) နှင့် သစ္စာလေးပါးသိမြင်နိုင်ရန် ဟောကြားခဲ့သည့် မြတ်ဗုဒ္ဓ၏ ခိုင်မာတိကျ သောဒေသနာ ဖြစ်ပါသည်။

ထိုသို့ မြတ်ဗုဒ္ဓမှဓမ္မစကြာတရားဟော ကြားတော်မူပြီးနောက် ဝါဆိုလပြည့်ညတွင် အရှင်ကောဏ္ဍည၊ လပြည့်ကျော် ၁ ရက်တွင်  အရှင်ဝပ္ပ၊ လပြည့်ကျော် ၂ ရက်တွင် အရှင်ဘဒ္ဒိယ၊ လပြည့်ကျော် ၃ ရက်တွင် အရှင်မဟာနာမ်၊ လပြည့်ကျော် ၄ ရက်တွင် အရှင်အဿဇိတို့သောတာပန်ဖြစ်ခဲ့ပြီး သံဃာရတနာစတင်ပေါ်ထွန်းခဲ့ပါသည်။

ဝါဆိုလပြည့်ကျော် ၅ ရက်တွင် အနတ္တ လက္ခဏသုတ်နှင့် ပဋိစ္စသမုပ္ပာဒ်တရား တော်တို့ကို ဆက်လက်ဟောကြားခဲ့ရာ သောတာပန် ပဉ္စဝဂ္ဂီငါးဦးစလုံး ရဟန္တာများအဖြစ်သို့ ရောက်ကြပါသည်။ ထိုကဲ့သို့ ရဟန္တာဖြစ်ကြသည်ကိုအကြောင်းပြု၍  ဝါဆိုလပြည့်ကျော် ၅ ရက်အား ရဟန္တာ နေ့ဟုသတ်မှတ်ကြပါသည်။ မြတ်ဗုဒ္ဓဟော ကြားခဲ့သည့် ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ရှိခဲ့ပြီး ယနေ့တိုင် ဗုဒ္ဓဘာသာဝင်များကြည်ညို ကျင့်ကြံဆဲဖြစ်သလို ဝါဆိုလပြည့်နေ့အားလည်း ဓမ္မစကြာအခါတော်နေ့ဟု သတ်မှတ်ကြပါသည်။

ဝါဆိုလပြည့်နေ့သည် အထက်ပါ မှတ်သားဖွယ်ရာ ၄ ရပ်သာမက ဘုရားအဖြစ် ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း၊ တရားရတနာနှင့် သံဃာရတနာများ စတင်ပေါ် ပေါက်ခဲ့ခြင်း၊ ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားနာရခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင် တို့သည် ဝါဆိုလပြည့်နေ့ရောက်တိုင်း ဥပုသ်သီတင်းဆောက်တည်ခြင်း၊ ဝါဆို သင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူခြင်း၊ ဓမ္မစကြာတရားတော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်မှာ မျက်မှောက် ကာလတိုင်ဖြစ်ကြောင်း ရေးသားပူဇော်အပ်ပါသည်။     ။

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 98716564067e27cccaab5f3.92144107 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).