သဖန်းဆိပ် ဆည်ရေသောက် ဧရိယာအတွင်း စနစ်ကျ လယ်ယာဧက ၁၇ဝဝ ကျော် ထပ်မံဖော်ထုတ်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ရေဦးနှင့် တန့်ဆည်မြို့နယ်တို့ အတွင်း၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေး စီမံကိန်းအရ  စနစ်ကျလယ်ယာမြေ ၁၇၁၆ ဒသမ ၄၄ ဧကကို ထပ်မံဖော်ထုတ်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။

စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေး   စီမံကိန်း အစီအစဉ်အရ  Japan ODA Loan (JICA) ချေးငွေဖြင့် ယခုဘဏ္ဍာနှစ်တွင် ဧက ၁၇ဝဝ ကျော်ကို စစ်ကိုင်းတိုင်း ဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတို့ ပူးပေါင်းကာ   ထပ်မံဖော်ထုတ် ပေးခြင်းဖြစ်ကြောင်းနှင့် ၎င်းစီမံကိန်းအရ သဖန်းဆိပ် ဆည်ရေသောက် ဧရိယာအတွင်း လယ်မြေဧက ၅ဝဝဝ ကို ဘဏ္ဍာနှစ်အလိုက် စနစ်ကျလယ်ယာများအဖြစ် ဆက်လက် ဖော်ဆောင်ပေးသွားမည်ဖြစ်သည်။

''စီမံကိန်း  လုပ်ဆောင်ပေးတဲ့ နေရာတွေက သဖန်းဆိပ် ဆည်ရေသောက် ဧရိယာအတွင်းက မြို့နယ်တွေမှာရှိတဲ့ လယ်မြေတွေကို အဆင့်မြင့် လယ်ယာမြေတွေအဖြစ် ဖော်ထုတ်ပြီး ဒေသခံ တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝ မြင့်မားရေးအတွက်   လုပ်ဆောင်ပေးတဲ့ ဒီစီမံကိန်းရဲ့ အခြေခံအဆောက်အဦတွေ ဖော်ဆောင်နေတာ ဖြစ်ပါတယ်''ဟု စစ်ကိုင်းတိုင်း ဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးကိုကိုက ပြောသည်။

စနစ်ကျလယ်ယာမြေ  ဖော်ဆောင်ပေးမည့် ဒေသများသည်   လယ်ယာစိုက်ပျိုးရေးကို ဆည်ရေသောက်စနစ်ဖြင့် အဓိကထား လုပ်ဆောင်နေသော ဒေသများဖြစ်ပြီး ၎င်းစနစ်ကျ လယ်ယာမြေများ ဖော်ဆောင်ပြီး စိုက်ပျိုးနိုင်ပါက  သီးနှံထွက်နှုန်းများ တိုးတက်လာပြီး  တောင်သူများ ဘဝမြင့်မားလာစေရန် ရည်ရွယ်ကာ ဖော်ဆောင်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ရေဦးနှင့် တန့်ဆည်မြို့နယ်တို့တွင်စနစ်ကျလယ်ယာ ၁၇၁၆ ဒသမ ၄၄ ဧကကို ထပ်မံဖော်ဆောင် ပေးမည်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်ကလည်း စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး စီမံကိန်းအရ    စနစ်ကျ လယ်ယာမြေ ၉ဝ၄ ဒသမ ၈၂ ဧကကို ဖော်ထုတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။