အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ ဧပြီ ၂၆ ရက်)
မြန်မာ့သမိုင်းတွင် ဘာသာသာသနာတော်ကို ချီးမြှောက်သော မင်းများ ပေါ်ထွန်းသည့် အခါတိုင်း ဘုရားစေတီပုထိုး ကျောင်းကန်များ ဆောက်လုပ် လှူဒါန်းခြင်း၊ သံဃာတော်များအတွက် ပစ္စည်းလေးပါး စဉ်ဆက်မပြတ် ထောက်ပံ့လှူဒါန်းခြင်းတို့ဖြင့် ကုသိုလ်ယူခဲ့ကြသည်။ သာသနာပြု မင်းများအဖြစ် သာသနာတော်ကို စောင့်ရှောက်ကြသည်။ ထို့အတူ နောင်အစဉ်အဆက် သာသနာ တည်တံ့ခိုင်မြဲစေရန် ဘုရားစေတီများ တည်ထားခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်း တည်ထားကိုးကွယ်ခဲ့သော ဘုရားစေတီ ပုထိုးများကို လေ့လာကြည့်လျှင် အံ့သြဖွယ်ရာ အချက်အလက်များစွာ တွေ့ရမည်ဖြစ်သည်။ စေတနာသဒ္ဓါတရား ထက်သန်စွာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း တည်ထားပူဇော်ခဲ့ကြသည်။
မည်သည့်အခက်အခဲများ ရှိနေစေကာမူ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်အနန္တ၊ တည်ဆောက်သူ အလှူရှင်တို့၏ စေတနာ အနန္တတို့ကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ စေတီပုထိုးကျောင်းကန်များကို တည်ဆောက်နိုင်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ စတင်ထွန်းကားရောက်ရှိချိန်မှ ယနေ့ထိတိုင် စေတီပုထိုးများစွာ ရေတွက်၍မကုန်နိုင်အောင် တည်ဆောက် ပူဇော်ခဲ့ကြသည်မှာ ဗုဒ္ဓဘာသာသာသနာ စည်ပင်ထွန်းကားခြင်း၏ ပြယုဂ်များပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ စတင်ပေါ်ထွန်းချိန်က ကမ္ဘာ့နေရာအနှံ့သို့ ရောက်ရှိခဲ့သော်လည်း မိစ္ဆာဒိဋ္ဌိ အဖျက်ရန်များကြောင့် နေရာဒေသများစွာတွင် မှေးမှိန်ခဲ့ရသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံသည်သာ ဗုဒ္ဓဘာသာသာသနာ အထွန်းကားဆုံးနိုင်ငံ၊ ဗုဒ္ဓသာသနာ၏ ခံတပ်ကြီးသဖွယ် မားမားမတ်မတ် တည်တံ့လျက် ရှိသည်။
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စကျင်တောင်မှထွက်ရှိသည့် စကျင်ကျောက်တော်ကြီးအား ရုပ်ပွားတော်ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ မာရဝိဇယဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထား ကိုးကွယ်နိုင်ရေး သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓိယနှင့် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ တို့ထံမှ သြဝါဒခံယူပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်၍ အများစုပေါင်း လှူဒါန်းမှုဖြင့် ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများနှင့်အညီ တည်ဆောက် ပူဇော်ခြင်းဖြစ်သည်။
အဆိုပါ ကျောက်တော်ကြီးများအား စကျင်တောင်မှ မြောင်မြစ်အတိုင်း၊ မြောင်မြစ်မှ ဧရာဝတီမြစ်ကြောင်း အတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းသို့ ပထမအဆင့ ်ပင့်ဆောင်ရသည်။ အဆိုပါ ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်သို့ ခုနစ်ကြိမ်တိုင်တိုင် ပင့်ဆောင်သယ်ယူရသည်။ ထိုသို့ သယ်ယူပင့်ဆောင်ရာတွင် စကျင်တောင်မှ မြောင်မြစ်သို့ တူးမြောင်း ဖောက်လုပ်ကာ သယ်ရသည်။ ထို့အတူ ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ သယ်ယူပင့်ဆောင်ရာတွင်လည်း သီးခြားလမ်းကြောင်းများ ဖောက်လုပ်ရသည်။
၂ဝ၂၁ ခုနှစ် ဧပြီ ၁၂ ရက်တွင် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ''မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး''ဟု ဘွဲ့တော်သမုတ် ပူဇော်ကြသည်။ ''မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး'' ဟူသည့်အမည်နာမကို သတ်မှတ်ရာတွင် ''မာရ်နတ်မင်း၏ အနှောင့်အယှက် ရန်စွယ်အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော်မူသော မြတ်စွာဘုရား''ဟု အဓိပ္ပာယ်ရပါသည်။ မြန်မာနိုင်ငံသည် ဘေးရန်အပေါင်းကို အောင်မြင်မည့် အတိတ်နိမိတ်လည်း ဖြစ်ပါသည်။
၂ဝ၂၁ ခုနှစ် ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားနှင့် ဆင်းတုတော်အပိုင်း(၂)နှင့် အပိုင်း(၃)တို့ကို ကြိုဆိုပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်သည်။ ယခုတည်ထား ကိုးကွယ်မည့် ''မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး'' တည်ဆောက်ရေး လုပ်ငန်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်များ၊ တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် ၂ဝ၂၂ ခုနှစ်အတွင်း အပြီးတည်ဆောက် ပူဇော်မည် ဖြစ်ပေရာ ''သာသနာတော်ထွန်းလင်း အေးချမ်းပြည်သာယာ'' ရဟန်းရှင်လူပြည်သူအပေါင်း ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။