သားအဖချင်းစကားများရာမှ သားဖြစ်သူက ဖခင်အားဓားဖြင့်ခုတ် ဖခင်ဖြစ်သူသေဆုံး

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါကျေးရွာ နယ်မြေ(၁)၌ ဇန်နဝါရီ ၁၁ ရက်ည ၉ နာရီခွဲတွင် သားအဖချင်းစကားများရာမှ သားဖြစ်သူက ဖခင်အားဓားဖြင့်ခုတ်ရာ ဖခင်ဖြစ်သူသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီခွဲခန့်တွင် နေအိမ်၌သားဖြစ်သူ ဆန်ပေါင်း ၁၅ နှစ်၊ သမီးဖြစ်သူ ခုနစ်နှစ်အရွယ် အေ့ဖုန်တို့နှင့်အတူရှိနေစဉ် ဦးအိုက်ပေါင်းသည် နေအိမ်မီးဖိုချောင်တွင်  အရက်သောက် စားနေပြီး ဇနီးဖြစ်သူအား “နင့်ကိုငါသတ်မည်၊ ဓားမြှောင်နှင့်ထိုးသတ်ပစ်မည်”ဟု ပြောသဖြင့် ဇနီးဖြစ် သူသည် ကြောက်လန့်၍သမီးနှင့်အတူ မိခင်ဖြစ်သူ  ဒေါ်လွမ်းစေး၏နေအိမ်သို့ သွားရောက်နေခဲ့သည်။

ထို့နောက် နေအိမ်၌သားဖြစ်သူဆန်ပေါင်းနှင့် ခင်ပွန်းဖြစ်သူ ဦးအိုက်ပေါင်းတို့သည် တစ်ယောက်တစ်ခွန်း စကားများပြီး ကျန်နေခဲ့ရာမှ တရားလိုသည် နာရီဝက်ခန့်အကြာနေအိမ်သို့ပြန်လာခဲ့ရာ   ခင်ပွန်းဖြစ်သူ အိုက်ပေါင်း ၅၀ နှစ်မှာ  နေအိမ်ဧည့်ခန်းအတွင်းရှိ အိပ်ရာပေါ်၌ ဦးခေါင်းယာဘက်ခြမ်း ယာနားအထက် ပြတ်ရှဒဏ်ရာနှစ်ချက်၊ဦးခေါင်းယာဘက်ခြမ်း ယာနားအပါအဝင် ပြတ်ရှဒဏ်ရာ သုံးချက်၊ ဝဲလက်ညှိုး၊ လက်ခလယ်ပွန်းပဲ့ဒဏ်ရာများဖြင့် သွေးထွက်ကာ လဲကျသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သားဖြစ်သူ ဆန်ပေါင်းအား မေးမြန်းရာ ၎င်းအား ဖခင်ဖြစ်သူမှ ဆဲဆိုကာထင်းချောင်းနှင့်ရိုက်နှက်သဖြင့် ၎င်းမှ နေအိမ်ဧည့်ခန်းဝါးထရံတွင်ထိုးထားသော အရိုး၊ အသွား၂၄ လက်မခန့်ရှိဓားမဖြင့် ဦးအိုက်ပေါင်း၏ ဦးခေါင်းအား ငါးချက်ခန့်ပြန်လည်ခုတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန်ပေါင်းအားဝိုင်းမော်မြို့မရဲစခန်းက မမစ(ဝိုင်းမော်)(ပ)၇/၂၀၂၁၊ ရာဇသတ် ကြီးဥပဒေပုဒ်မ၃၀၂ ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရသည်။