သူ့ရဲ့နာမည်က လမ်ဘဒါ။ ကိုဗစ်-၁၉ ရောဂါပိုးရဲ့ ဗီဇခွဲတစ်ခု။ နာမည်ကျော်ဒယ်တာ ဗီဇပြောင်းရောဂါပိုးနဲ့ ဘာကွာလဲဆို တာကိုဆက်ပြီးလေ့လာကြည့်ရအောင်။ဒယ်တာဆိုတာက လက်ရှိတစ်ကမ္ဘာလုံးမှာ ကူးစက်ပျံ့နှံ့နေတဲ့ရောဂါပိုးဖြစ်ပါတယ်။ လမ်ဘ ဒါကတော့ တောင်အမေရိကဒေသတစ်ဝန်းမှာ လျင်မြန်စွာပြန့်ပွားနေတာကိုတွေ့လာရပါပြီ။တောင်အမေရိကမှာ ပြန့်ပွားနေတယ်ဆို လို့ အာရှတိုက်နဲ့ဝေးတယ်ဆိုပြီး မထင်စေချင်ပါဘူး။ မနေ့ကပဲ ဖိလစ်ပိုင်နိုင်ငံမှာ လမ်ဘဒါဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပထမဆုံးဖြစ်ပွားသူကို တွေ့ရှိထားပါတယ်။
ဆိုလိုတာက လမ်ဘဒါဟာ တောင်အမေရိကမှာ ပျံ့နှံ့နေတယ်ဆိုပေမယ့် အာရှတိုက် အထူးသဖြင့် အရှေ့တောင် အာရှထဲကို ဝင်လာပြီလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးတွေရဲ့ ပြင်းထန်မှုအခြေအနေနဲ့ပတ်သက်ပြီး အဆင့်ခွဲခြား သတ်မှတ်ထားတာရှိပါတယ်။အယ်ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ ဒယ်တာတို့ကို စိုးရိမ်ရတဲ့ ဗီဇပြောင်း ရောဂါပိုးတွေ အဖြစ်သတ်မှတ်ထားပြီး အီတာ၊ အိုင်အိုတာ၊ ကပ်ပါနဲ့လမ်ဘဒါတို့ကိုတော့ စိတ်ဝင်စားရတဲ့ဗီဇပြောင်းရောဂါပိုး တစ်နည်းအားဖြင့် သတိထား စောင့်ကြည့်နေရတဲ့ ဗီဇပြောင်းရောဂါပိုးအဖြစ် သတ်မှတ်ထားတာပါ။
လမ်ဘဒါကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လအစောပိုင်းတုန်းက ပီရူးနိုင်ငံမှာ ပထမဆုံးတွေ့ရှိတာဖြစ်တယ်လို့ ဆိုပေမယ့်လည်း တရားဝင် မှတ်တမ်းတင်တာကတော့ ဒီဇင်ဘာလမှာပါ။ အဲဒီလို အစောပိုင်းကာလတွေတုန်းက လမ်ဘဒါဗီဇပြောင်းရောဂါပိုးကူးစက်မှုက အလွန်ရှားပါးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လတွေမှာတော့ အာဂျင်တီးနား၊ ချီလီနဲ့ ကိုလံဘီယာတို့မှာ ကူးစက်မှုများပြားလာပါပြီ။ အမေရိကန်နိုင်ငံမှာဆိုရင်လည်း လမ်ဘဒါဗီဇပြောင်းရောဂါပိုးက ပြည်နယ်တော်တော်များများမှာ ပျံ့နှံ့နေပြန်ပါတယ်။ ဒါကြောင့် လမ်ဘဒါဗီဇပြောင်းရောဂါပိုးမှာ ပြောင်းလဲသွားတဲ့ မျိုးရိုးဗီဇတွေ၊ ကူးစက်ပျံ့နှံ့နိုင်စွမ်း၊ ပြင်းထန်နိုင်စွမ်း၊ ကိုယ်ခံအားကို ကျော်လွှား နိုင်စွမ်း၊ ရောဂါဖြစ်ပွားမှုအခြေအနေတွေအကြောင်းကို ကောင်းစွာနားလည်ထားမယ်ဆိုရင် ကိုယ့်ကို အဲဒီရောဂါပိုးကူးစက်နိုင်ခြေနဲ့ တခြားသူတွေဆီကို ကိုယ့်ဆီကနေတစ်ဆင့်ပြန်ကူးစက်နိုင်ခြေ လျော့နည်းစေဖို့ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းကနေ အထောက် အကူဖြစ်ပါလိမ့်မယ်။
အရင်ဆုံး လမ်ဘဒါမှာပြောင်းလဲသွားတဲ့ မျိုးရိုးဗီဇအကြောင်းကိုပြောရအောင်။ သူ့မှာ ကူးစက်ပျံ့နှံ့နိုင်စွမ်းမြင့်မားတဲ့၊ ကိုယ်ခံအားရဲ့ တိုက်ထုတ်မှုကို ကောင်းစွာခံနိုင်ရည်ရှိတဲ့အချက်တွေကို ဖြစ်ပေါ်စေသောမျိုးရိုးဗီဇအများအပြားပါဝင်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီလိုမျိုးရိုးဗီဇတွေကြောင့် ကူးစက်ပျံ့နှံ့နိုင်မှုနှုန်းက ပိုမိုမြင့်မားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကြောင့်ရရှိတဲ့ ကိုယ်ခံအားတွေကို ကျော်လွှားနိုင်စွမ်းရှိလာနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိထားစောင့်ကြည့်နေ ရတဲ့ ရောဂါပိုးအဖြစ်သတ်မှတ်ခံရတာဟာ လူထုအတွင်းမှာ သိသာထင်ရှားတဲ့ ကူးစက်ပျံ့နှံ့မှုဖြစ်ပေါ်စေတဲ့ မျိုးရိုးဗီဇတွေ ပါဝင်လို့ဖြစ်ပါတယ်။
လမ်ဘဒါအနေနဲ့ အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာတို့လိုမျိုး လူသားတွေကိုအန္တရာယ်ဖြစ်စေနိုင်စွမ်းမြင့်မားတာကြောင့် စိုးရိမ်ရတဲ့ ဗီဇပြောင်း ရောဂါပိုးအဖြစ်ကိုမရောက်သေးပေမယ့်လည်း အခြေအနေတွေက အချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်။ ဘယ်လို အချိန်မှာ ဒယ်တာတို့လိုမျိုးသတ်မှတ်ခံရနိုင်လည်းဆိုရင် လက်ရှိအခြေအနေထက် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားတာ၊ ကူးစက် ရောဂါပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းမှာ အန္တရာယ်ရှိတဲ့ပြောင်းလဲမှုမျိုးဖြစ်တာ၊ ရောဂါပြင်းထန်မှုက မြင့်တက်လာတာ၊ ရောဂါ လက္ခဏာပြမှုပြောင်းလဲလာတာ၊ စမ်းသပ်၊ ကုသ၊ ကာကွယ်တဲ့နည်းလမ်းတွေရဲ့ အကျိုးသက်ရောက်မှုကို လျော့နည်း စေတာမျိုး တွေဖြစ်လာရင်တော့ စိုးရိမ်ရတဲ့ ဗီဇပြောင်းရောဂါပိုးအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။
ဗြိတိန်နိုင်ငံက သုတေသီတချို့ဟာ လမ်ဘဒါဗီဇပြောင်း ရောဂါပိုးအပေါ် ဖိုင်ဇာနဲ့မိုဒါနာလိုမျိုး ာျွဗြ နည်းပညာသုံး ကာကွယ် ဆေးတွေရဲ့ သက်ရောက်မှုကိုစမ်းသပ်ခဲ့ကြပါသေးတယ်။ အဲဒီလို စမ်းသပ်မှုရဲ့ရလဒ်မှာတော့ လမ်ဘဒါဗီဇပြောင်းရောဂါပိုးဟာ ကာကွယ်ဆေးကြောင့်ထွက်ရှိထားတဲ့ ကိုယ်ခံအားကို အနည်းငယ်ကျော်လွန်နိုင်စွမ်းရှိပေမယ့် ကာကွယ်ဆေးထိုးပြီး သူတွေအပေါ် ဆိုးဆိုးဝါးဝါး ကူးစက်စေမှုမရှိပါဘူးဆိုတာကို တွေ့ရပါတယ်။
ဒါကြောင့် သူ့ရဲ့ကူးစက်မှုနှုန်းနဲ့ကာကွယ်ဆေးအပေါ်သက်ရောက်မှုတွေကို ဒီထက်အသေးစိတ်ကျကျသိရှိနိုင်စေဖို့ သုတေသီတွေက လေ့လာမှုတွေလုပ်ရဦးမှာပါ။ သူ့ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေ ပြောင်းသွားလားဆိုတော့လည်း တခြား ဗီဇပြောင်း ရောဂါပိုး တွေထက် သိသာစွာ ပြောင်းလဲသွားတာမရှိပါဘူး။ ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေပဲအဖြစ်များတာပါ။အဲဒီ ရောဂါလက္ခဏာ တွေကတော့ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ အနံ့၊ အရသာပျောက်ခြင်း အစရှိတာတွေဖြစ်ပြီး ရောဂါလက္ခဏာ အသစ်အနေနဲ့ ကတော့ အဆက်မပြတ်ချောင်းဆိုးတာဖြစ်ပါတယ်။
ဒီအချက်တွေကိုခြုံငုံကြည့်မယ်ဆိုရင် လမ်ဘဒါဗီဇပြောင်း ရောဂါပိုးဆိုတာ ဒယ်တာဗီဇပြောင်းရောဂါပိုးထက် အစစ အရာရာမှာ ပိုမိုစိုးရိမ်ရတာမရှိပါဘူး။တချို့တွေက အွန်လိုင်းပေါ်မှာရေးနေကြတာတွေရှိပါတယ်။ ဘာလဲဆိုတော့ လမ်ဘဒါဗီဇပြောင်းရောဂါပိုးက ဘယ်လို ရောဂါလက္ခဏာမှလည်းမပြဘူး။ ရောဂါစစ်ရင်လည်းမပေါ်ဘူးဆိုပြီး ပြောနေကြတာပါ။ တကယ်တော့ အဲဒါတွေက ကောလာဟလတွေသာဖြစ်ပါတယ်။
အခုဆိုရင် လက်ရှိအခြေအနေအရ လမ်ဘဒါဗီဇပြောင်းရောဂါပိုးက ဒယ်တာဗီဇပြောင်းရောဂါပိုးထက် ပိုပြီးကြောက်ဖို့ ကောင်းလား၊ မကောင်းဘူးလားဆိုတာကို သိသွားလောက်ပါပြီ။ဒယ်တာထက်ပိုပြီးကြောက်ဖို့မကောင်းဘူးဆိုတိုင်းလည်း အရဲမကိုးသင့်ပါဘူး။ ရောဂါပိုးဆိုတာ မကူးစက်လေကောင်းလေပါပဲ။ ကူးစက်လိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် နောက်ထပ်မျိုးရိုးဗီဇတွေထပ်ပြောင်းသွား နိုင်သလို ရောဂါပိုးကလည်း ပိုမိုပြင်းထန်လာမှာသာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
နွေဦး