သိလျက်နဲ့မှားတဲ့ ဆေးပညာရှင်တွေရဲ့လုပ်ရပ် မိသားစုများနဲ့ကလေးငယ်တွေဘဝပျက်

လက်ထဲမှာ ငွေစကြေးစမရှိတဲ့  ရှာဇာဒိုရှားဆိုတဲ့ရွာသားတစ်ယောက်ဟာ သူ့ရဲ့သားမှာ အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက် ခံထားရ တယ်ဆိုတာကိုသိရှိပြီးနောက်ပိုင်း သူတို့အနေနဲ့ ကလေးအတွက်လိုအပ်တဲ့ဆေးနဲ့ မိသားစုအတွက်လိုအပ်တဲ့ စားဝတ်နေရေးတို့ကြား မကြာခဏလွန်ဆွဲဗျာများပြီး ရွေးရခက်နေပါတယ်။ရှာဇာဒိုရှားဟာ ပါကစ္စတန်နိုင်ငံ ရာတိုဒီရိုမြို့ကနေ ကီလိုမီတာ အနည်းငယ် ကွာဝေးတဲ့ ဆပ်ဟာနီရှားဆိုတဲ့ကျေးရွာမှာ နေထိုင်တာပါ။ သူတို့ရွာမှာ အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက်ခံထားရသူကလေးငယ်ပေါင်း ၃၀ ခန့်ရှိပါတယ်။ သူတို့ဘာကြောင့် အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက်ခံရတာလဲဆိုတာကိုတော့ လူတော်တော်များများမှတ်မိကြမှာ မဟုတ်ပါဘူး။

ဒီတော့ ပြန်ပြောင်းပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံရဲ့အရှေ့တောင်ဘက် ဆင်းပြည်နယ်မှာ တစ်ခါ သုံးဆေးထိုးအပ်တွေအစား သုံးပြီးသားဆေးထိုးအပ်တွေကို  ပြန်သုံးမှုကြောင့် လူအများစု အထူးသဖြင့် ကလေးငယ်အများစုမှာ  ကုရာနတ္ထိဆေးမရှိတဲ့ အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက်မှုတွေဖြစ်ပွားခဲ့ဖူးတယ်လို့ ပြောလိုက်ရင်တော့မှတ်မိကြမယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်ကဖြစ်ပွားတဲ့အဲဒီဖြစ်ရပ်ကိုတော့ လူအစုလိုက်အပြုံလိုက် အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက်ပြန့်ပွားမှုကြီးလို့ ခေါ်ဆိုနိုင် ပါတယ်။ ကလေးငယ်တွေကရော ဘာကြောင့် အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက်ရတာလဲ။ ဆရာဝန်တွေကရော ဘာကြောင့်  တစ်ခါ သုံးဆေးထိုးအပ်တွေအစား သုံးပြီးသားဆေးထိုးအပ်တွေကိုပြန်သုံးရတာလဲ။

အဲဒီမေးခွန်းတွေအတွက်  အဖြေကိုပြောရမယ်ဆိုရင် ပါကစ္စတန်နိုင်ငံရဲ့ကျန်းမာရေးစနစ်ကို အရင်ဆုံးပြောရပါလိမ့်မယ်။ ပါကစ္စတန် နိုင်ငံရဲ့ ပြည်သူ့ဆေးရုံအများစုဟာ မြို့ကြီးတွေပေါ်မှာသာ တည်ရှိတာပါ။ အဲဒီဆေးရုံတွေဟာ မကြာခဏဆိုသလို ပရမ်းပတာ ဖြစ်လေ့ရှိတဲ့အပြင် ကုသရာမှာလည်း ထိရောက်မှုအားနည်းပါတယ်။ဒီအတွက်ကြောင့် ကျေးလက်ဒေသတွေမှာရှိတဲ့ တောင်သူ လယ်သမားနဲ့  မရှိဆင်းရဲသားမိသားစုအများအပြားဟာ ရှားရှားပါးပါးရှိတဲ့ ပုဂ္ဂလိကဆေးခန်းတွေကိုသာ အားကိုးရပါတယ်။

သူတို့အားကိုးတဲ့  ပုဂ္ဂလိကဆေးခန်းအများအပြားကလည်း  ဆေးကုသခွင့်လိုင်စင်မရှိတဲ့  ဆရာဝန်တွေကို ငှားရမ်းအသုံးပြု တတ်ကြ ပါတယ်။ ဒါတွေဟာ ၂၀၁၉ ခုနှစ်မှာ  လူအစုလိုက်အပြုံလိုက် အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက်ခံရတဲ့ အဓိက အကြောင်းရင်းပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကလည်း ရာတိုဒီရိုမြို့မှာနာမည်ကြီးတဲ့ ကလေးအထူးကုဆရာဝန်တစ်ဦးတည်း ကိုသာ အပြစ်ပုံချထားပါတယ်။ သူ့နာမည်ကတော့ မူဇာဖာဂန်ဂရိုပါ။ လက်ရှိမှာတော့ တရားရုံးက အာမခံပေးထားတဲ့အတွက် အာမခံနဲ့ လွတ်နေပါတယ်။

တရားရုံးက သူ့ကို အာမခံနဲ့လွှတ်ပေးထားတာကိုလည်း မိသားစုအများအပြားကမကျေနပ်ကြပါဘူး။ မူဇာဖာဂန်ဂရိုကတော့   သူ့အပေါ်စွဲဆိုထားတဲ့ စွဲဆိုချက်တွေကိုငြင်းပယ်ထားပါတယ်။ ဒါ့အပြင် အခုလိုဖြစ်ရတာဟာ သူ့ရဲ့အောင်မြင်မှုကို မနာလိုတဲ့ တခြားဆရာဝန်တွေက သူ့အပေါ်လက်ညှိုးထိုးကြတယ်လို့လည်း မူဇာဖာဂန်ဂရိုကပြော ပါတယ်။ အဲဒီဒေသမှာ  မလိုလားအပ်တဲ့ အခြေအနေတွေကြောင့် ကလေးငယ်တွေရဲ့ဘဝ တစ်စိတ်တစ်ပိုင်း သေဆုံးသွားခဲ့ရပါတယ်။

အခုအချိန်မှာတော့ အဲဒီဒေသမှာ အခြေအနေတွေ ပြောင်းလဲသွားနေပြီလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ ထင်ထားသလို မပြောင်းလဲသေးပါဘူး။ ဘာကြောင့်လဲဆိုတာကိုတော့ လူအများစုမသိတဲ့ နောက်ကွယ်ကအမှန်တရားကို  ထုတ်ဖော်ခဲ့တဲ့ ဒေါက်တာအီမရန်အက္ကဘာအာဘန်နီရဲ့ပြောဆိုချက်မှာ တွေ့ရပါလိမ့်မယ်။

“အခုလက်ရှိမှာ အရာရာဟာ လူအစုလိုက် အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက်မှုဖြစ်တဲ့အချိန်တုန်းကလိုပဲ  ဆိုးမြဲဆိုးဝါးနေဆဲပါပဲ။ နိုင်ငံအတွင်းမှာ အခုလိုမျိုး မသမာမှုတွေဖြစ်နေတာဟာ တကယ့်ကိုအကြင်နာတရားကင်းမဲ့လွန်းပါတယ်” လို့ ဒေါက်တာ အာဘန်နီက ပြောပါတယ်။

“အဲဒီအချိန်တုန်းက  တာဝန်ရှိသူတွေက အချိန်နဲ့တစ်ပြေးညီအရေးယူဆောင်ရွက်မှုတွေကိုချက်ချင်းလုပ်ခဲ့ပေမယ့်လည်း အချိန်ခဏ လေးအတွင်းမှာ စည်းကမ်းတွေက ပြန်ပြီးလျော့ရဲသွားပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီး ပထမသုံးလမှာတော့ တာဝန်ရှိသူတွေက   ရမ်းကုတွေနဲ့ လိုင်စင်မရှိတဲ့ဆရာဝန်တွေကို  ဆေးကုသခွင့်ကနေတားမြစ်ကာ သူတို့ရဲ့ ဆေးခန်းတွေကိုချိပ်ပိတ်လိုက်ပေမယ့် လေးလမြောက်မှာတော့ သူတို့ဟာ ခွင့်ပြုချက်တွေအရင်လိုပြန်ရပြီး ဆေးခန်းတွေလည်း ပြန်ဖွင့်ခွင့်ရရှိခဲ့ကြပါတယ်” လို့ ဒေါက်တာ အာဘန်နီကဆက်ပြောပါတယ်။

ဒေါက်တာအာဘန်နီဆိုတာ ၂၀၁၉ ခုနှစ်ဖြစ်စဉ်ဖြစ်တုန်းက ရာတိုဒီရိုမြို့မှာရှိတဲ့ကလေးငယ်တွေ အိတ်(ချ်)အိုင်ဗီရောဂါပိုး ကူးစက်မှုမြင့် တက်လာတာကို သတင်းမီဒီယာတွေဆီ ထုတ်ဖော်ပြောခဲ့တာပါ။ လူအစုလိုက် အိတ်(ချ်)အိုင်ဗီရောဂါ ပိုးကူးစက်မှု အပြီးမှာတော့ အစိုးရတာဝန်ရှိသူတွေက ဈေးပေါတဲ့ သမားရိုးကျဆေးထိုး အပ်တွေတင်သွင်းမှုကို  ရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီအစား  နောက်တစ်ကြိမ်ပြန်သုံးလို့မရနိုင်တဲ့ တစ်ခါသုံးဆေးထိုးအပ် တွေကိုသာ အသုံးပြုဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း စာနာစိတ် မရှိတဲ့ဆရာဝန်တွေလို့ပဲပြောရမလားမသိတဲ့ ဆရာဝန်အများစုက အစိုးရရဲ့တားမြစ်မှုကို နည်းမျိုးစုံနဲ့ရှောင်လွှဲပြီး ဈေးပေါတဲ့ ဆေးထိုးအပ်တွေကိုသာ အသုံးပြုနေတုန်းပဲဆိုပြီး အမည်မဖော်လိုသူ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြော ထားပါတယ်။

သက်ဆိုင်ရာအစိုးရဌာနတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုတာကတော့ သက်ဆိုင်ရာရုံးအသီးသီးရဲ့ စာရွက်စာတမ်းတွေထဲမှာ သာရှိပြီး လက်တွေ့မှာတော့ သက်ရောက်မှုမရှိဘူးလို့ ပါကစ္စတန်နိုင်ငံရဲ့ ကူးစက်တတ်သောရောဂါများဆိုင်ရာ အဖွဲ့အစည်းမှဥက္ကဋ္ဌနဲ့ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရာဖစ်ခါနာနီကဆိုပါတယ်။ အခု ၂၀၂၁ ခုနှစ်အရောက်မှာတော့ အဲဒီဖြစ်စဉ်နဲ့ဆက်စပ်တဲ့ အိတ်(ချ်)အိုင်ဗီ ရောဂါပိုးရှိသူအရေအတွက်ဟာ ၁၅၀၀  ကျော်လာပြီလို့   ပြည်နယ်ကျန်းမာရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ လက်ရှိအချိန်အထိတော့ အိတ်(ချ်) အိုင်ဗီရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိရတဲ့ကလေးငယ်တွေအနက် အနည်း ဆုံးအယောက်  ၅၀ ကတော့ သေဆုံးသွား ပါပြီ။

ဒါ့အပြင် အဲဒီဒေသမှာရှိတဲ့ကလေးငယ်အများအပြားဟာ ထပ်မံသေဆုံးဖို့ရှိနေတယ်လို့ ကရာချိမြို့မှာရှိတဲ့ အာဂါခန်း တက္ကသိုလ်မှ ကလေးအထူးကု ဆရာဝန် ဖာတီမာမီယာကပြောပါတယ်။ အကြောင်းရင်းကတော့ အာဟာရချို့တဲ့မှုနဲ့ ဆင်းရဲမှုတို့ကြောင့်ပါပဲ။ အဲဒီဖြစ်စဉ်ဖြစ်ပွားမှုအပြီးမှာ အစိုးရက နိုင်ငံရဲ့အကြီးဆုံးသော အိတ်(ချ်)အိုင်ဗီ ရောဂါပိုးကုသပေးရေးဌာနကို  ကျေးလက် မြို့ဖြစ်တဲ့ ရာတိုဒီရိုမှာဖွင့်လှစ်ခဲ့ပါတယ်။ လူနာတွေမှာ အိတ်(ချ်)အိုင်ဗီရောဂါ ပိုးဆက်လက်မပြန့်ပွားစေရေးအတွက် အဲဒီ ကုသရေးဌာန တာဝန်ရှိသူတွေက ရောဂါပိုး ထိန်းချုပ်ဆေးတွေထုတ်ပေးနေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အိတ်(ချ်)အိုင်ဗီရောဂါ ပိုးကူးစက်ခံထားရတဲ့ မိသားစုတွေဟာ တစ်ဖက်မှာလည်း စားဝတ်နေရေးအကျပ် အတည်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် အဲဒီရောဂါပိုးကြောင့်ဖြစ်တဲ့ တခြားရောဂါတွေ လည်းဝင်လာပါတော့တယ်။ ကံကောင်းတာတစ်ခုက   လူအများ အပြားကို အိတ်(ချ်)အိုင်ဗီရောဂါပိုးစစ်ဆေး လိုက်နိုင်တာဟာ လူအစုလိုက်အပြုံလိုက် အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက်မှုမှာ ပါဝင် သူတွေကိုခွဲထုတ်နိုင်ဖို့နဲ့ နောက်ထပ်ပျံ့နှံ့မှု တွေမဖြစ်စေဖို့ လျှော့ချမှုမှာ အကူအညီပေး လိုက်နိုင်ခြင်းဖြစ်ပါတယ်။

လက်ရှိ ရာတိုဒီရိုမြို့ရဲ့ အိတ်(ချ်)အိုင်ဗီ ရောဂါပိုးစစ်ဆေးရေးနဲ့ ကုသရေးဌာနမှာ  တွေ့မြင်နေရတာတွေကတော့ လူနာတွေက ဒေသသုံး ဆင်းဘာသာစကားနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအကြံပေးချက်ကိုထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားဖန်သားပြင် ရှေ့မှာ မျက်နှာမူပြီးထိုင်နေကြပါတယ်။ အားနည်းနေတဲ့ပုံစံပေါက်တဲ့ လူငယ်လေးတစ်ဦးကလည်း သူ့ဖခင်နဲ့အတူ တိတ်ဆိတ်စွာ ထိုင်ပြီး သူ့ရဲ့အိတ်(ချ်)အိုင်ဗီရောဂါပိုးစစ်ဆေးချက်အဖြေလွှာကို  စောင့်နေပါတယ်။

ဆပ်ဟာနီရှားကျေးရွာရဲ့တစ်ခုသောနေဝင်ချိန်မှာတော့ အဖျားဝင်ပြီး သေကောင်ပေါင်းလဲဖြစ်နေတဲ့သမီးငယ်ကို ပေါင်ပေါ်တင် ထားတဲ့  မိခင်တစ်ယောက်ကိုလည်းတွေ့ရပါတယ်။ ဟာကီမာရှားဆိုတဲ့မိခင်တစ်ယောက်က တော့ အိတ်(ချ်)အိုင်ဗီရောဂါပိုး ကိုထိန်း ချုပ် နိုင်တဲ့ဆေးတွေထိုးဖို့ငြင်းဆန်လေ့ရှိတဲ့ သူ့ရဲ့အသက်လေးနှစ်ရှိကလေးငယ်ကို အဲဒီဆေးတွေထိုးပေးဖို့ မေ့လျော့လေ့ရှိ တယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း  အိတ်(ချ်)အိုင်ဗီရောဂါပိုးကူးစက်ခံထားရပါတယ်။ အစိုးရကလည်း သူတို့ကို ပိုးသတ်ဆေး တွေ၊ အားဆေးတွေထောက်ပံ့တာမျိုးမရှိကြောင်းနဲ့ သူတို့ရတဲ့ဝင်ငွေလေးနဲ့ အဲဒီဆေးတွေဝယ်ဖို့ဆိုတာ  မဖြစ်နိုင်ကြောင်း ဟာကီမာရှားက ဆိုပါတယ်။

အဲဒီဒေသမှာရှိတဲ့ပြည်သူအများစုဟာ အိတ်(ချ်)အိုင်ဗီရောဂါပိုးဆိုတာကို အရင်တုန်းကမကြားခဲ့ဖူးပါဘူး။ အခုတော့ သူတို့ရဲ့ဘဝမှာ အိတ်(ချ်)အိုင်ဗီဆိုတဲ့နာမည်ကြီးက ဝင်ရောက်နေရာယူသွားပါပြီ။တကယ်တမ်းတော့ ဒီအခြေအနေတွေအတွက် အပြစ်ရှိသူတွေဟာ  ကျန်းမာရေးအကြောင်းမသိနားမလည်တဲ့ ဆင်းရဲသားပြည်သူလူထုတွေ မဟုတ်ပါဘူး။သန့်ရှင်းမှုမရှိတဲ့  ဆေးထိုးအပ်တွေကိုသုံးတာ မကောင်းမှန်းသိလျက်နဲ့ လူနာတွေရဲ့အသက်ကိုပဓာနမထားတဲ့ ဆေးပညာရှင်တွေရဲ့လုပ်ရပ်ကြောင့်နဲ့ စည်းကမ်းဆိုတာကို    စာရွက်ထဲမှာသာရှိအောင်လုပ်ပြီး လက်တွေ့လိုက်နာစေဖို့ ကြပ်မတ်မှုပျက်ကွက်တဲ့ တာဝန်ရှိသူတချို့ကြောင့်သာ မိသားစုများနဲ့ လူမမယ်ကလေးငယ်တွေရဲ့ဘဝပျက်သွားရတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေဟာ ပါကစ္စတန်နိုင်ငံမှာသာမက တခြားသောနေရာဒေသတွေမှာလည်း ရှိနေဦးမယ်လို့ယူဆရပါတယ်။ ဒါကြောင့် မသိနားမလည်တဲ့ ကလေးငယ်တွေရဲ့ဘဝတွေ၊  မရှိဆင်းရဲသားတွေရဲ့ ဘဝတွေပျက်စီးမသွားစေဖို့ဆိုတာ လူသားဆန်သူ တိုင်းရဲ့ရင်ထဲမှာ ကိုယ်ချင်းစာမှု ကိန်းအောင်းဖို့လိုအပ်ကြောင်း  ရေးသားတင်ပြလိုက်ရပါတယ်။

 

 

ထက်မြတ်