သီလမြဲပါက ငယ်ငယ် ရွယ်ရွယ်နှင့် မသေပါ

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၁ ရက်)

ရှေးအခါက ကာသိတိုင်း ရွာတစ်ရွာရှိ လူအားလုံးတို့သည် ငါးပါးသီလ စသောတရားတို့ကို ကျင့်သုံးပြီးနေထိုင် လေ့ရှိကြသဖြင့် အရွယ်ငယ်ငယ်ကမသေကြဘဲ ကြီးရင့်မှသာသေရလေသည်။ ထိုသို့ငါးပါးသီလတရား စောင့်သုံး ကြ သဖြင့် ထိုရွာကို ဓမ္မပါလရွာ၊ ထိုရွာသူ၊ ရွာသားများကို ဓမ္မပါလမျိုးဟုခေါ်ကြသည်။ ထိုရွာမှ ရွာသူကြီး၏ သားသည် တက္ကသိုလ်ပြည်သို့ပညာသင်သွားသည်။ ထိုအမျိုးသားပညာသင်ချိန်၌ ဆရာကြီး၏ သားငယ် ကွယ်လွန်ခဲ့ရာ ဓမ္မပါလ အမျိုးသားက ''အဘယ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့်သေရသလဲ''ဟု တအံ့တသြ ပြောဆိုမိရာ ''ကြီးငယ်မဟူ သေမင်းခေါ်လျှင် သေရသည်ချည်းပင်၊ အသင်တို့အရပ်မှာရော မသေကြဘူးလား''ဟု လူအများက မေးကြသည်။

ထိုအခါ ဓမ္မပါလက ''သေတော့သေကြပါတယ်။ ဒါပေမဲ့ အခုလိုငယ်ငယ်ရွယ်ရွယ်နှင့်သေရရိုးထုံးစံမရှိပါ'' ဟု အခိုင်အမာ ပြောဆိုသည်။ ထိုစကားဆန်းကိုကြားရသော တက္ကသိုလ်ဆရာကြီးသည် ဓမ္မပါလသူငယ်၏ ပြောစကား ဟုတ်၊ မဟုတ်စုံစမ်းရန် ဓမ္မပါလကို ဆရာ့ကိုယ်စား ထားခဲ့ပြီးလျှင် ဆိတ်ရိုးတို့ကိုယူဆောင်ကာ  ဓမ္မပါလ ရွာသို့ သွားလေသည်။ ရွာရောက်၍ ဓမ္မပါလသတို့သားဖခင် ရွာသူကြီးထံသို့သွားကာ ''သင့်သား  ဓမ္မပါလ ကွယ်လွန်၍ မီးသင်္ဂြိုဟ်ပြီး အရိုးများ ယူလာခဲ့ပါတယ်''ဟုပြောဆိုကာ အရိုးများကို ထုတ်ပြလေသည်။

ဓမ္မပါလဖခင်ကြီးနှင့် ဆွေမျိုးများက ဝိုင်း၍ရယ်မောကြပြီး ''ဤအရိုးသည် သူတို့၏သား ဓမ္မပါလ အရိုး မဖြစ်နိုင်ပါ။ အခြားအရိုးသာ ဖြစ်ပါလိမ့်မယ်''ဟုပြောပြကြသည်။ ''အရွယ်မရွေး သေမျိုးဖြစ်လျက် သင်တို့ အမျိုးမှာ အဘယ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မသေကြသနည်း''ဟု ဆရာကြီးက မေးလေသည်။ ''ကျွနု််ပ်တို့ ဓမ္မပါလရွာ ဓမ္မပါလ အမျိုးသားတို့သည် အမြဲမပြတ် အလှူပေးကြတယ်။ သီလကို စောင့်ထိန်းကြတယ်။ မကောင်းမှု ဒုစရိုက်ဟူသမျှမပြုကြပါ။ လူကြီးသူကြီးစကားကို လူငယ်များက အမြဲနားထောင်ပြီး ရပ်ရေးရွာမှု၊  အများ ကောင်းစားချမ်း သာမှုတို့ကိုပြု လုပ်ကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့၏ဓမ္မပါလအမျိုးမှာ ငယ်ငယ် ရွယ်ရွယ်နှင့် မသေကြရပါ''ဟု ဓမ္မပါလဖခင်ကြီးက ရှင်းပြသည်။

ထိုအခါ တက္ကသိုလ် ဆရာကြီးက ဓမ္မပါလ၏ ဖခင်ကြီးကို ကန်တော့ပြီး ''သင့်သား... ဓမ္မပါလမသေသေးပါ။ ငယ်သူများ မသေဟူသော သင့်သား၏ စကားကိုမယုံ၍ စုံစမ်းရန် လာခြင်းဖြစ်တယ်''ဟုပြောကာ ဓမ္မပါလ အမျိုးတို့ စောင့်သုံးသော ကျင့်ဝတ်သီလ တို့ကို မေးမြန်းမှတ်သားပြီး တက္ကသိုလ်ပြည်သို့ပြန်ခဲ့ လေတော့သည်။

ဓမ္မတရား ရှိထားသူသည် သူ့တွင်မကောင်းမှုပြုလုပ်လိုသော စိတ်ထားအလျဉ်းရှိတော့မည် မဟုတ်ပေ။ သူတစ်ပါး ကောင်းစား စေလိုသော စိတ်သာရှိနေပေမည်။ ထိုစိတ်ကို အဖန်ဖန်အထပ်ထပ်ဖြစ်ပွားအောင်ပြု လုပ်ပေးခြင်း၊ အာရုံပြုခြင်း၊ ပို့လွှတ်ပေးခြင်းသည် မေတ္တာဘာဝနာပို့သည် မည်ပါသည်။

သတ္တဝါတို့အပေါ်၌ မေတ္တာပွားများ၍ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါးပွားများ၍ ဖြစ်စေ နေခြင်းသည် မြင့်မြတ်သော နေခြင်းဖြစ်သည်။ ထိုသို့နေခြင်းကို ဗြဟ္မဝိဟာရဟုခေါ်သည်။ ထိုကဲ့သို့ ပွားများ နေခြင်းသည် မြင့်မြတ်သောအကျင့်ဖြစ်သော ဗြဟ္မစိုရ်ဟုခေါ်လေသည်။ မေတ္တာပွားလျှင် ဦးစွာ မိမိကိုယ်ကို အလျင်ပွားရသည်။ ငါချမ်းသာချင်သကဲ့သို့ အသက်ရှိသောသတ္တဝါတိုင်း ချမ်းသာချင်ကြမည်ဟု ကိုယ်ချင်းစာ တရားဖြစ် ပွားအောင်လုပ်ခြင်းဖြစ်သည်။ မိမိပို့လွှတ်သော မေတ္တာဓာတ်ကို မခံယူနိုင်တော့သဖြင့် သေလွန်ပြီးသူ များကို မေတ္တာ မပွားအပ်ပေ။

မေတ္တာ ဆိုသည်မှာ ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ပုဂ္ဂိုလ်၊ သတ္တဝါ ပညတ်ကိုအာရုံပြုကာ ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ စသည်ဖြင့် သတ္တဝါတို့၏ ကြီးပွားချမ်းသာမှုကိုလိုလား တောင့်တသော အဒေါသစေတသိက် ကိုပင် မေတ္တာဟုခေါ်လေသည်။ ဓမ္မပါလရွာသားတို့သည် ငါးပါးသီလကိုလည်းလုံခြုံအောင်ထိန်းသိမ်းသည်။

သူတစ်ပါးအသက်သတ်ခြင်း၊ သူတစ်ပါးပစ္စည်းဥစ္စာခိုးယူခြင်း၊ သူများသားမယားကိုပြစ်မှားခြင်း၊ လိမ်လည် ပြော ဆိုခြင်း၊ အရက်သေစာသောက်စားခြင်း ဟူသော ငါးပါးသီလကို မကျိုးမပေါက်ဘဲနေသည့်အပြင် တစ်ဦး အပေါ် တစ်ဦး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ပြုမူပြောဆိုဆက်ဆံ ကြသည်။ ထို့ကြောင့် ဓမ္မပါလအမျိုးသားတို့သည် အသက်အရွယ်ငယ်ငယ်ကလေးနှင့်သေဆုံးခြင်းမရှိကြ ကြောင်း သိရသည်။

ယနေ့ခေတ်တွင် လူငယ်မောင်မယ် အချို့သည် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကာမဂုဏ် တို့၌ မှားယွင်းခြင်း စသောအမှုကိစ္စများကိုလုပ်ဆောင်နေကြသောအခါ အရွယ်မတိုင်မီ သေဆုံးနေ ကြ သည်။ စောင့်ထိန်းအပ်သော ငါးပါးသီလကို စောင့်ထိန်းရကောင်းမှန်းမသိဘဲ မကောင်းသော အပေါင်းအဖော် များနောက်သို့လိုက်ကာ မကောင်းမှုမှာ မွေ့လျော်ပျော်နေတတ်ကြသည်။ သေချာတွေးကြည့်လျှင် နိုင်ငံတော် အတွက် ဆုံးရှုံးနစ်နာ မှုသာဖြစ်သည်။ ဓမ္မပါလရွာသူ၊ ရွာသားတို့၏ အကျင့်ကောင်း၊ အကျင့်မြတ်ကို နမူနာ ယူသင့်သည်။ အသက်ရှည်ရှည် နေလိုပါက ငါးပါးသီလကိုမြဲမြံစွာစောင့်ထိန်းပြီး ဗြဟ္မစိုရ်တရား လက်ကိုင်ထား ကြပါစို့ ဟူ၍ တိုက်တွန်း ရေးသား လိုက်ရပေသည်။  ။