သီးနှံအမယ်များ ဈေးကွက်ပြတ်လပ်မှုမရှိဘဲ ပုံမှန်အတိုင်းတင်ပို့ရောင်းချ

မြဝတီ၊ စီးပွားရေး

နယ်စပ်ကုန်သွယ်ရေးဇုန်   ဈေးကွက်အတွင်း စားသောက်ကုန်သီးနှံအမယ်များ ပုံမှန်အတိုင်း   တင်ပို့ရောင်းချ လျက်ရှိပြီး ဈေးကွက်ပြတ်လပ်မှုမရှိဘဲ ပုံမှန်လည်ပတ်နေကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ သီးနှံမျိုးစုံ ကုန်သည် ဦးတင်မျိုးနိုင်၏ ပြောပြချက်အရ သိရသည်။

“မြဝတီမှာ တချို့သီးနှံဈေးကွက်တွေ ခဏရပ်တာမျိုးရှိပေမယ့် နောက်နှစ်လကျော်လောက်ဆိုရင်တော့  ပုံမှန်ပြန်လည် လည်ပတ်မယ်လို့ ယူဆရပါတယ်။ စက်သုံးဆီဈေးတက်လို့ ကားခတွေဈေးတက်တယ် ဆိုပေမယ့်လည်း ကုန်ကားခတွေကတော့ ဈေးအရမ်းမတက်ပါဘူး။ လူစီးကားခတွေသာ ဈေးတက်တာဖြစ်လို့ သီးနှံတင်ပို့ရောင်းချတဲ့ဈေးကွက်ကို  အထိအခိုက်သိပ်မရှိပါဘူး” ဟု ဦးတင်မျိုးနိုင်ကပြောသည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဇုန်၌  ကြောင်လျှာသီးအစေ့ခြောက်၊  ငုဝါသီး စသည့် တိုင်းရင်းဆေး ဖော်စပ်ရာတွင် အသုံးပြုသော ပစ္စည်းအမယ်တချို့မှာ တရုတ်နိုင်ငံ၌ ကုန်သွယ်ရေးလမ်းကြောင်းများ မပွင့် သေးသည့်အတွက် တင်ပို့ရောင်းချမှုရပ်တန့်နေကြောင်း သိရသည်။

နန်းထက်ထက်ချစ်