သောက်သုံးရေအခက်ကြုံတွေ့နေရသည့် ကျေးရွာနေပြည်သူများအားသောက်သုံးရေများ သွားရောက်လှူဒါန်း

ညောင်ဦး  မတ်  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်  ထီးပုကျေးရွာအုပ်စု  မှန်တောကျေးရွာ၌ စက်ရေတွင်း ပျက်စီး နေသဖြင့် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရကြောင်းသိရ၍ မတ် ၂၀ ရက် နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာနေဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတ ရေလှူအဖွဲ့က ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မှန်တောကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော်နေထိုင် လျက်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကာ ဒေသခံပြည်သူများအနေဖြင့်သောက်သုံးရေအတွက် ကျေးရွာရှိ အဝီစိ စက်ရေတွင်းကိုသာ  မှီခိုအားထားပြု၍ သောက်သုံးနေရကာ ယခုလိုစက်ရေတွင်းပျက်စီးသွားသည့်အချိန်တွင် သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရေး လာရောက်လှူဒါန်းပေးရန် အကူအညီတောင်းခံမှုကြောင့်  ညောင်ဦး မြို့နယ် မြင်းကပါကျေးရွာမှ ဦးဝင်းမင်းထွန်း ဦးဆောင်သော ပရဟိတရေလှူအဖွဲ့က သောက်သုံးရေ အလှူရှင်  ရန်ကုန်မြို့နေ  ဦးသိန်းတန်မိသားစုကလှူဒါန်းသည့် ရေဂါလန် ၁၆၀၀အား အလှူရှင်မိသားစုကိုယ်စား သွား ရောက်၍ စနစ်တကျခွဲဝေလှူဒါန်းပေးသည်။

ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများအနေဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ပွင့်လင်းရာသီတွင် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သောက်သုံးရေများ ကုသိုလ်ပြု ပါဝင် လှူဒါန်းလိုပါက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ပရဟိတရေလှူအဖွဲ့မှ ဦးဝင်းမင်းထွန်း ဖုန်း-၀၉-၄၂၀၃၈၀၇၇၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။               

ရဲဝင်းနိုင်(ညောင်ဦး)