သံအမတ်များကိုပြန်လည်ခန့်ထားရန် ပူတင်နှင့်ဘိုင်ဒင်သဘောတူ

ဂျီနီဗာ၊ နိုင်ငံရေး

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က သံအမတ်များကို ပြန်လည်ခန့်ထားရန် သဘောတူကြောင်း သိရသည်။ အဆိုပါ သမ္မတနှစ်ဦးသည် ဇွန် ၁၆ ရက်တွင် ဂျီနီဗာမြို့၌တွေ့ဆုံစဉ်  ယခုသဘောတူညီချက်ကို ရရှိခြင်းဖြစ်သည်။

ရုရှားနှင့် အမေရိကန်နိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ပျက်ယွင်းမှုဖြစ်သည့် သက်ဆိုင်ရာသံအမတ်ကြီးများက ၎င်းတို့၏ နိုင်ငံအသီးသီးသို့ပြန်သွားမှုသည် ဧပြီလတွင်ဖြစ်ပွားခြင်းဖြစ်ပြီး ပူတင်က လူသတ်သမားဖြစ်သည်ဟုဆိုသည့် သတင်းထောက်တစ်ဦး ၏ပြောဆိုမှုကို ဘိုင်ဒင်ကသဘောတူပြီးနောက် သံတမန်ဆက်ဆံရေး ပျက်ယွင်းခြင်းဖြစ်သည်။

ထိုသို့သံတမန်ဆက်ဆံရေး ပျက်ယွင်းမှု၏ အကျိုးဆက်အဖြစ် အမေရိကန်က ရုရှားကို နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ယခုတွေ့ဆုံမှုတွင် နှစ်နိုင်ငံကြားနျူကလီးယား လက်နက်များအရေးအပြင် တစ်ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာမြောက်  တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံစလုံးက တာဝန်ခံမည့်အကြောင်းအရာတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးကြောင်း ပူတင်က ဆွေးနွေးပွဲ အပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နှစ်နိုင်ငံကြား စစ်ဘက်ရေးရာတင်းမာမှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ပူတင်ကပြန်ဖြေရာတွင် အမေရိကန်နိုင်ငံက ကိုယ့်ပိုင်နက်အတွင်း စစ်ရေးလေ့ကျင့်ခန်းများလုပ်သည့်အတိုင်း ရုရှားကလည်းလုပ်ကြောင်း၊ သို့သော် အမေရိကန်ကဲ့သို့ လူအင်အားနှင့် စစ်လက်နက်များကို အခြားနိုင်ငံများ၏ နယ်စပ်တွင် သွားရောက်ချထားခြင်းမရှိကြောင်း၊   ထို့ကြောင့်  ရုရှား၏ စစ်ရေးလှုပ်ရှားမှုကို အမေရိကန်ကစိုးရိမ်သကဲ့သို့ အမေရိကန်၏ လှုပ်ရှားမှုများကိုလည်း ရုရှားက စိုးရိမ်ကြောင်း ပြောသည်ဟု သိရသည်။

Ref: Sputnik