အက်စ်တွန်ဗီလာ အသင်းကစားသမား မက်တီကက်ရှ် အင်္ဂလန် အသင်းကို ငြင်းပယ်ပြီး  ပိုလန်လက်ရွေးစင် အသင်းတွင် ကစားရန်ဆုံးဖြတ်

အက်စ်တွန်ဗီလာ အသင်းကစားသမား မက်တီကက်ရှ် အင်္ဂလန် အသင်းကို ငြင်းပယ်ပြီး  ပိုလန်လက်ရွေးစင် အသင်းတွင် ကစားရန်ဆုံးဖြတ်

ယခုဘောလုံးရာသီတွင် ခြေစွမ်းကောင်းများ ပြသလျက်ရှိသည့် အက်စ်တွန်ဗီလာအသင်း တောင်ပံခံစစ် ကစားသမား မက်တီကက်ရှ်က   အောက်တိုဘာလ အတွင်းကစားမည့် နိုင်ငံတကာ ပွဲစဉ်များတွင် အင်္ဂလန် အသင်းကို ငြင်းပယ်ပြီး  ပိုလန်လက်ရွေးစင် အသင်းတွင် ကစားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မက်တီကက်ရှ်၏ ဖခင်မှာ အင်္ဂလန် နိုင်ငံသားဖြစ်ပြီး မိခင်မှာ ပိုလန်နိုင်ငံသူ ဖြစ်သည့်အတွက် ၎င်းအနေဖြင့် အင်္ဂလန်အသင်းနှင့် ပိုလန်အသင်းမှ တစ်သင်းတွင် ကိုယ်စားပြုကစားခွင့် ရရှိနေသူဖြစ်ပြီး အင်္ဂလန်အသင်း တွင်ပွဲထွက်ခွင့်ရရှိရန်မှာ လွယ်ကူသည့် အနေအထား မရှိသည့်အတွက်    ပိုလန်အသင်းတွင် ကစားရန်  ဆုံးဖြတ်ခြင်းဖြစ်သည်။

သို့သော် မက်တီကက်ရှ်အနေဖြင့် ပိုလန်အသင်း တွင် ကစားခွင့်ရရှိရန် အတွက်လည်း ပိုလန်နိုင်ငံသား အဖြစ်ခံယူပြီး ပိုလန်နိုင်ငံပက်စ်ပို့ ရှိရမည်ဖြစ်သည့် အတွက်   အောက်တိုဘာလတွင် ကစားမည့်  ၂ဝ၂၂   ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ အမီ     ပိုလန်ပက်စ်ပို့ ရရှိရန်  လုပ်ဆောင်လျက်ရှိကြောင်း   ၎င်း၏ဖခင် စတူးဝပ်က ပြောသည်။

အစောပိုင်းကတည်းက  ပိုလန်အသင်းနည်းပြ ပေါ်လိုဆူဆာ ကိုယ်တိုင်ကလည်း မက်တီကက်ရှ်အနေဖြင့် ပိုလန်အသင်းကို ကိုယ်စားပြု ကစားမည်ဆိုပါက အသင်းအတွက် ရွေးချယ်ရန်  အသင့်ရှိနေသည်ဟု ပြောကြားထားသည့်အတွက်  မက်တီကက်ရှ်ကလည်း  ပိုလန်အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ပိုလန်အသင်းသည် ၂ဝ၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ် အောက်တိုဘာ ၁ဝ ရက်တွင် ဆမ်မာရီနို အသင်း၊ အောက်တိုဘာ ၁၃ ရက်တွင်  အယ်လ်ဘေး နီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး လက်ရှိတွင် အုပ်စုတတိယ နေရာ၌ ရပ်တည်နေကြောင်း  သိရသည်။