အကြိမ်(၄၀)မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော်  သြဂုတ် ၁၈

အကြိမ်(၄၀)မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (40th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI ) အစည်းအဝေးကို   ယနေ့တွင်  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများ ပါဝင်တက် ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံအလိုက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်နေမှုများနှင့် ဒေသတွင်းဖြစ်ပေါ်နေသည့်   စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်၏လုပ်ငန်းများ အကောင်အထည် ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၁ ခုနှစ်အတွက် ချမှတ် ထားသည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ပြီးစီးမှု၊ အာဆီယံစီးပွားရေး အသိုက် အဝန်း(အေအီးစီ) လမ်းပြမြေပုံ ၂၀၂၅ ကာလလယ်  သုံးသပ်ချက်အစီရင်ခံစာ၏ အကြံပြုချက်များအပေါ် ကဏ္ဍဆိုင်ရာအလိုက် ဆက်လက်ဆောင်ရွက်ရန်ကိစ္စ၊ စတုတ္ထစက်မှုအသွင်ပြောင်းလဲမှုဆိုင်ရာပေါင်းစည်းမှု မဟာဗျူဟာရေးဆွဲချမှတ် ဆောင်ရွက်ရေး အတွက် ညှိနှိုင်းပြီးစီးမှုနှင့် အတည်ပြုနိုင်ရေးကိစ္စ၊ ၂၀၂၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမည့် ကမ္ဘောဒီးယားနိုင်ငံ၏ ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ညှိနှိုင်းဆွေးနွေးကြသည်။

အစည်းအဝေး၌   ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အစိုးရက အရှိန်မြှင့်တင် ဆောင်ရွက် နေမှု၊ ပုဂ္ဂလိကကဏ္ဍမှလည်း ကာကွယ်ဆေးထိုးရေးလုပ်ငန်းစဉ်များတွင် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ဆေးနှင့်ဆေးကိရိယာပစ္စည်းများကို လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် အာဆီယံနိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့စေရေးစီမံချက် ( Myanmar Economic Recovery Plan -MERP) ကို ရေးဆွဲ၍ အကောင် အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အာဆီယံဘက်စုံပြန်လည်ထူထောင်ရေးမူဘောင်၏ လုပ်ငန်းများ ကို မြန်မာနိုင်ငံက လိုက်ပါအကောင်အထည်ဖော်မှုနှင့် လိုအပ်ချက်များကို  ရှင်းလင်းဆွေးနွေးသည်။

အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အနေဖြင့် (၅၃)ကြိမ် မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံစီးပွားရေး ပြန်လည်ထူထောင်ရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ အာဆီယံ စီးပွား ရေး အသိုက်အဝန်း(အေအီးစီ)လမ်းပြမြေပုံ ၂၀၂၅ ကာလလယ် သုံးသပ်ချက်အစီရင်ခံစာပါ အကြံပြုချက်များကို လည်း ကောင်း၊  စတုတ္ထစက်မှုအသွင် ပြောင်းလဲမှုဆိုင်ရာပေါင်းစည်းမှု မဟာဗျူဟာကို အတည်ပြုရန်ကိစ္စရပ်ကိုလည်းကောင်း၊  ၂၀၂၅ ခုနှစ် အလွန်အတွက် အာဆီယံ၏ မျှော်မှန်းချက် ရေးဆွဲဆောင်ရွက်ရန်အတွက် အကြံပြုချက်များကိုလည်းကောင်း တင်ပြမည်ဖြစ်သည်။

ယင်းအစည်းအဝေးတွင် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E Gabriel Lim က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်း အဖွဲ့ဝင်များဖြစ်သည့် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ   ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။      

  (သတင်းစဉ်)