အဂတိကင်းကွာ ပြည်သာယာ

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားသည်မှာ ''မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန်အားထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း''ဟူ၍ ဖွင့်ဆိုထားသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ဝန်ခံထွက်ဆိုချက်ကို ကြားသိတွေ့မြင်လိုက်ရသည်။ ထွက်ဆိုချက်ကို အနှစ်ချုပ်လျှင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာလုပ်ချင်တဲ့ လူတွေအတွက် နေရာကောင်းတစ်ခုဖြစ်လို့   ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို လာရောက် လှူဒါန်းရခြင်း သဘောမျိုးဖြစ်ကြောင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် အိမ်ခြံမြေ ငှားရမ်းခမှာ လက်ရှိပေါက်ဈေးထက် လျော့နည်းကြောင်း၊ ပြည်ပကိုငှားရမ်းပါက တစ်လကို ၃၅ သိန်း၊ သိန်း ၄ဝ အထိရနေတဲ့ အချိန်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ၁၅ သိန်းလောက်ပဲ လုပ်ပေးခဲ့ရကြောင်း ထွက်ဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သူတစ်ယောက်တည်း သုံးကြိမ်၊ လေးကြိမ် သွားရောက်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆောင်ရွက်နေသော လုပ်ငန်းများနှင့်ပတ်သက်ပြီး ထောက်ခံစောင့်ရှောက်ပေးရန် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှာ ပထမအကြိမ်ဒေါ်လာ ၂ သိန်းနဲ့အကယ်ဒမီရွှေ ၂ ပိဿာခွဲကိုလည်းကောင်း၊ ၂ဝ၁၈ ခုနှစ် ဧပြီလမှာ ဒုတိယအကြိမ် ဒေါ်လာ ၂ သိန်း၊ ရွှေ ၂ ပိဿာခွဲကို လည်းကောင်း၊ ၂ဝ၁၈ ခုနှစ် ဇွန်လမှာ ဒေါ်လာ ၂ သိန်းနဲ့ရွှေ ၂ ပိဿာကို လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် လိုရာသုံးပါလို့ပြောပြီး ပေးခဲ့တာဖြစ်ပါကြောင်း၊ သုံးကြိမ်လုံး ပေါင်းလိုက်မည်ဆိုလျှင် အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိဿာရှိကြောင်း သိရသည်။

ထို့ပြင် စေပိုင်ဆောက်လုပ်ရေး လုပ်ငန်းကုမ္ပဏီ ပိုင်ရှင် ဦးမောင်ဝိတ်ကလည်း ၂ဝ၁၈ ခုနှစ် မေလတွင် ဒေါ်လာတစ်သိန်း၊ ၂ဝ၁၉ ခုနှစ် မေလတွင် ဒေါ်လာတစ်သိန်းခွဲ၊ ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဒေါ်လာငါးသောင်း၊ ၂ဝ၂ဝ ပြည့်နှစ် ဧပြီလတွင် ဒေါ်လာနှစ်သိန်းခွဲ စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ၎င်းကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးခဲ့ရကြောင်း ထွက်ဆိုထားသည်ကို ကြားသိလိုက်ရသည်။ ဤသည်မှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း တစ်ဦးနှင့် ကုမ္ပဏီပိုင်ရှင် တစ်ဦးတို့၏ ထွက်ဆိုချက်မျှသာရှိသေးသည်။

အဂတိလိုက်စားမှုသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စနစ်တစ်ခုကဲ့သို့ ကျယ်ပြန့်စွာ ပျံ့နှံ့ရှင်သန်နေကြောင်း၊ နိုင်ငံရေးပါတီများ၏ မျှတသောအခွင့်အရေးနှင့် မျှတသောယှဉ်ပြိုင်မှု၊ မျှတသောရွေးကောက်ပွဲစနစ် ဖြစ်ထွန်းရေး ကြိုးပမ်း အားထုတ်ရာတွင်လည်း အဂတိ လိုက်စားမှုသည် အဓိက အဟန့်အတားဖြစ်လျက် ရှိကြောင်း နိုင်ငံရေး လေ့လာသူတို့က သုံးသပ်ကြသည်။ လူတိုင်းသည် ခြောက်ပြစ်ကင်း သဲလဲစင်သူတော်စင်များ မဟုတ်ကြပါ။ သို့သော် NLD ပါတီသည် အဂတိလိုက်စားမှု ကင်းစင်ရေးနှင့် ပတ်သက်၍ တိုင်းသိပြည်သိ ကမ္ဘာသိ အာမခံချက်ပေးထားသည်။ NLD၏အာမခံချက် ၆ ချက်တွင် အဂတိလိုက်စားမှု ကင်းတဲ့ အစိုးရဖြစ်စေရမည်။

သန့်ရှင်းတဲ့ အစိုးရကို ထူထောင်နိုင်ကြောင်း အာမခံထားပြီးဖြစ်သည်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြောင်းလဲချိန်တန်ပြီဟူသော ဆောင်ပုဒ်ဖြင့် မဲဆွယ်စည်းရုံးမှု ပြုခဲ့သည်။

ပြည်သူများက မြန်မာနိုင်ငံတော်ကြီး အကြီးအကျယ် တိုးတက်တော့မည်။ ယခင်သမ္မတ ဦးသိန်းစိန် အစိုးရထက် ပိုမိုတိုးတက် လုပ်ဆောင်တော့မည်ဟူ၍ မျှော်လင့်ချက် ကြီးမားခဲ့သည်။ အထူးသဖြင့် လာဘ်စားမှုတွေ ကင်းစင်တော့မည်ဟူ၍လည်း ထင်မှတ်ထားခဲ့သည်။ လာဘ်စားမှုတွေက ပိုမိုတိုးပွားလာခဲ့သည်။ တာဝန်အရှိဆုံးသူကိုယ်တိုင်က လာဘ်စားခဲ့သည်။ မြန်မာနိုင်ငံကို အဂတိကင်းသော နိုင်ငံတော်ဖြစ်စေချင်သည်။ အဂတိကင်းကွာမှသာ ပြည်သာယာမည်ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။   ။