အင်တာမီလန် အသင်းမှ ဟာကီမီကိုခေါ်ယူရန် ပြောင်းရွှေ့ကြေးအပြင် အသင်းမှ အလွန်ဆိုကိုအလိုက်ပေးပြီး ချယ်လ်ဆီးအသင်း ကမ်းလှမ်းမှုများ ထပ်မံပြုလုပ်

ချယ်လ်ဆီးအသင်းက   အင်တာမီလန်အသင်းမှ ဟာကီမီကို ပီအက်စ်ဂျီအသင်းထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ရန်   ပြောင်းရွှေ့ကြေးအပြင်   အသင်းမှ တောင်ပံခံစစ် ကစားသမား အလွန်ဆိုကိုပါ အလိုက် ပေးပြီး ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်က  လာမည့် ဘောလုံးရာသီတွင်  အင်အားဖြည့်တင်းသည့် အနေဖြင့်    ကွင်းလယ်ပိုင်းတွင်သာမက ခံစစ်ပိုင်းတွင်ပါ အကောင်းဆုံး ကစားနိုင်သော  ဟာကီမီကိုခေါ်ယူလိုနေသည့် အတွက် အစောပိုင်းက ပြောင်းရွှေ့ကြေး စတာလင် ပေါင် ၅၅ သန်းခန့်ဖြင့် ကမ်းလှမ်းခဲ့ရာ အင်တာမီလန် အသင်းက ငြင်းပယ်ခဲ့သည့်အတွက် လက်ရှိတွင် အဆိုပါ ပြောင်းရွှေ့ကြေးအပြင် အလွန်ဆိုကို အလိုက်ပေးပြီး ထပ်မံကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းတွင် အင်တာမီလန်အသင်းက ဟာကီမီအတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၆ဝ အလိုရှိနေသောကြောင့်      ချယ်လ်ဆီးအသင်း၏ ကမ်းလှမ်းမှုကို  ငြင်းဆိုထားသော်လည်း  လက်ရှိတွင် ချယ်လ်ဆီးအသင်းက  ပြောင်းရွှေ့ကြေး  စတာလင်ပေါင် ၅၅ သန်းအပြင် ကစားသမားတစ်ဦးပါ အလိုက် ပေးမည်ဖြစ်သည့် အတွက် အင်တာမီလန် အသင်းက ချယ်လ်ဆီးအသင်း၏    ဒုတိယအကြိမ် ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေပြီး ရက်ပိုင်းအတွင်း အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ် ရှိနေကြောင်း သိရသည်။