အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့များက စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်ကို အသေဖမ်းဆီးရမိ

အင်ဒိုနီးရှား လုံခြုံရေး တပ်ဖွဲ့များက စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်ကို အသေဖမ်းဆီးရမိ

အင်ဒိုနီးရှားလုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် ISISအဖွဲ့နှင့် ဆက်နွှယ်နေသော စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အရှေ့ အင်ဒိုနီးရှား မူဂျာဟစ်ဒင် စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်ကို အသေဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် ပြောသည်။ စက်တင်ဘာ ၁၈ ရက်မွန်းလွဲပိုင်းတွင် ဆူလာဝေဆီကျွန်းရှိ ကျေးရွာတစ်ရွာ၌ လုပ်ဆောင်သော တပ်မတော်နှင့် ရဲတပ်ဖွဲ့ တို့၏ ပူးပေါင်း စစ်ဆင်ရေးတွင် အဆိုပါ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အလီကာလိုရာကို အသေဖမ်းဆီးရမိခြင်း ဖြစ်သည်။

ထို့ပြင်   အဆိုပါစစ်ဆင်ရေးတွင် နောက်ထပ် အကြမ်းဖက်သမား တစ်ဦးဖြစ်သည့် ဂျာကာရာမတ်ဟန်ကိုလည်း အသေ ပစ်ခတ်ဖမ်းဆီးနိုင်ပြီး လွတ်မြောက်သွားသောနောက်ထပ် အကြမ်းဖက်သမား လေးဦးကို လုံခြုံရေး တပ်ဖွဲ့များက လိုက်လံရှာဖွေနေကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်ဆင်ရေးအတွင်း ဖောက်ခွဲရေးပစ္စည်းများ၊ M-16 သေနတ်တစ်လက်နှင့် တောခုတ်ဓား နှစ်လက်တို့ကို အခြားသော စစ်သွေးကြွ လုပ်ငန်းဆောင်ရွက်မှု စာရွက်စာတမ်းများနှင့် အတူသိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလီကာလိုရာသည် ၂ဝ၁၆ ခုနှစ်တွင် လုံခြုံရေးတပ်ဖွဲ့များ၏ ချေမှုန်းမှုကြောင့် သေဆုံးသွားသည့် ယခင်ခေါင်းဆောင်ဟောင်း ဆန်တိုဆို၏နေရာကို  ဆက်ခံထားသူဖြစ်သည်။ ဆန်တိုဆိုသည် အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည့် ပထမဆုံးသော အင်ဒိုနီးရှားနိုင်ငံသားဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ဆူလာဝေဆီကျွန်း အလယ်ပိုင်း၌ ရွာသား လေးယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက် အဆိုပါ စစ်သွေးကြွအဖွဲ့တွင် တာဝန်ရှိကြောင်း  အာဏာပိုင်များက ယူဆထားသည်ဟု သိရသည်။