အင်အားတောင့်တင်းစွမ်းရည်ထက်မြက် ပြည်သူ့အတွက်

 

ရှေးအစဉ်အလာအရ စစ်သည်တို့၏သစ္စာလေးပါးကို လောကဗျူဟာကျမ်းတွင်ဖော်ပြထားသည်မှာ မိမိတိုင်းပြည်နှင့် မိမိလူမျိုးအတွက် ပါဏာတိကံကိုခံယူခြင်း၊ သူ့သားအိမ်ရာသူ့ဥစ္စာကို မကျူးလွန် မလုရခြင်း၊ ရန်သူမဟုတ်သူကို မသတ်ရခြင်း၊ ရန်သူနှင့်ကြုံက အသက်ကိုစွန့်တိုက်ရခြင်းဟူ၍ဖြစ်သည်။ ယနေ့ခေတ် တပ်မတော်သားတို့သည်လည်း ထို့ထက်ပိုမိုသောကျင့်ဝတ်များကို လိုက်နာလုပ်ဆောင် လျက်ရှိကြသည်။ နေ့စဉ် ရွတ်ဆိုနေရသောသစ္စာလေးချက်သည် လွန်စွာလေးနက်မွန်မြတ်လှပေသည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ ဆိုသောစကားရပ်သည် သာမန်လူတို့ မလုပ်ဆောင်ဝံ့သောအရာကို ညွှန်းဆိုထားခြင်းဖြစ်သည်။ ကြက်သီးမွေးညင်းထလောက်အောင်ပင်ဖြစ်သည်။ ရဲစိတ်ရဲမာန်ထက်သန်မှုကို ဖော်ပြခြင်းလည်း ဖြစ်သည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် တိုင်းပြည်နှင့်လူမျိုးကို မချစ်သောတပ်မတော်သားဟူ၍ တစ်ဦး တစ်ယောက်မျှရှိမည်မဟုတ်ပါ။ တပ်မတော်သားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန်အတွက် ကိုယ်စီဆန္ဒပြုဝင်ရောက်လာကြသူများသာဖြစ်သည်။ အကြောင်းအရာ အမျိုးမျိုးဖြင့် တပ်မတော်သို့ ဝင်လာကြသော်လည်း တပ်မတော်သားအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အားလုံးသည် တစ်စိတ်တည်း၊ တစ်ဝမ်းတည်းဖြစ်သွားသည်။ ဆွေရင်းမျိုးရင်းညီရင်းအစ်ကိုမောင်နှမ အရင်းများသဖွယ်ဖြစ်သွားကြသည်မှာ တိုင်းပြည်နှင့်လူမျိုးကိုချစ်သော စိတ်က လှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။

ထိုစိတ်များကို ရဲဘော်စိတ်ဟုသတ်မှတ်နိုင်သည်။ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိ သောမေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်၏။ တပ်မတော်သားတိုင်းတွင် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဟူသော ကိုယ်စီအရည်အချင်း ရှိကြသည်။

ထိုအရည်အချင်းရှိအောင်လည်း လေ့ကျင့်သင်ကြားမွေးမြူထားပြီးဖြစ်သည်။ ပညာရေးဆိုင်ရာတွင် လည်းကောင်း၊ စစ်မှုရေးရာ ကိစ္စရပ်များတွင်လည်းကောင်း၊  ကိုယ်ကျင့်တရား ကောင်းမွန်ရေးဆိုင်ရာတွင် လည်းကောင်း တပ်မတော်သားတို့သည် အကောင်းဘက်တွင်ထူးချွန်အောင်ကြိုးစားကြရသည်။ ထို့ကြောင့် ငါ့သားများစစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ။ စစ်တပ်ဆိုတာ အမှန်သာ လိုက်နာနိုင်ရင် တကယ့် ယောက်ျားမြတ်ဖြစ်စေနိုင်တဲ့တရားတွေကို သင်ကြားပေးတဲ့ကျောင်းကြီးပေါ့ ဟူသောစစ်သည်တော်တစ်ဦး၏အမှာစကားသည် သမိုင်းတွင်သောစကားရပ်ဖြစ်လာခဲ့သည်။

တပ်မတော်အင်အားမတောင့်တင်းသည့်အတွက် မြန်မာနိုင်ငံ ကျွန်ဖြစ်ခဲ့ရသည်ဟူသောစကားမှာ မှန်ကန်သော စကားဖြစ်သည်။ မရိုးနိုင်သောသတိပေးစကားဟုဆိုလျှင်မမှားပါ။ ယနေ့ကမ္ဘာ့နိုင်ငံရေး အခြေအနေကိုလေ့လာကြည့်လိုက်လျှင်ပင် ဤစကားရပ်သည် ရာနှုန်းပြည့်အမှန်တရားဖြစ်ပေသည်။

တပ်မတော်တစ်ရပ်တွင် စစ်လက်နက်ပစ္စည်းများ မည်မျှပင်ခေတ်မီနေစေကာမူ လူသားတို့အရည်အချင်း မရှိလျှင် အောင်မြင်မှုရမည်မဟုတ်ပေ။ ထို့ကြောင့် တပ်မတော်သားတိုင်းကို အခြေခံအရည်အချင်း ငါးပါးပြည့်စုံ စေခြင်းဖြစ်သည်။ တပ်မတော်သားတို့၏စိတ်တွင် တိုင်းပြည်နှင့်လူမျိုးအတွက် လူသာ အသေခံမည်။ မျိုးဂုဏ်သိက္ခာနှင့်တပ်မတော်၏ အစဉ်အလာဂုဏ်သိက္ခာတို့ အပျက်မခံဘူးဟူသော စိတ်ဖြင့် တာဝန်ကို ထမ်းဆောင်နေကြခြင်းဖြစ်သည်။

လွတ်လပ်ရေးရပြီးသည်မှ ယနေ့တိုင် တပ်မတော်သည် တိုက်ပွဲပေါင်းမြောက်မြားစွာတိုက်ခိုက်ခဲ့ရသည်။ လူသားမျိုးနွယ်များတစ်ရပ်လုံးကို ဖျက်ဆီးနေသည့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက်လည်း စစ်ဆင်ရေး ပေါင်းများစွာဆင်နွှဲခဲ့ရသည်။ တပ်မတော်သားတိုင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် သက်စွန့်ဆံဖျားတာဝန်ကို ထမ်းဆောင်လျက်ရှိသည်မှာ ပိုင်နက်နယ်မြေကျူးကျော်မခံရရေး၊ သူတစ်ပါး သြဇာလွှမ်းမိုးမှုမခံရရေးအတွက်ဖြစ်သည်။ တပ်မတော်(ကြည်း)တွင်လည်း မြေပြင်စစ်ဆင်ရေး တာဝန် အလျောက်၊ တပ်မတော်(ရေ)တွင်လည်း ရေပြင်စစ်ဆင်ရေးတာဝန်အလျောက်၊ တပ်မတော်(လေ) တွင်လည်း ဝေဟင်စစ်ဆင်ရေးတာဝန် အလျောက် ကျေပွန်စွာထမ်းဆောင်လျက်ရှိပြီး  လိုအပ်သည့် အခါတိုင်းမှာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက် သောတပ်မတော်တစ်ရပ်ရှိနေသရွေ့ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာမှာ တည်တံ့နေမည်သာဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။