အင်္ဂလန်လက်ရွေးစင် အသင်းနှင့် စပါးအသင်းတို့တွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် ဂန္ထဝင် ကစားသမားကြီး ဂျင်မီဂရေ့ဗ် အသက်  ၈၁ နှစ် အရွယ်တွင် ကွယ်လွန်

အင်္ဂလန်လက်ရွေးစင် အသင်းနှင့် စပါးအသင်းတို့တွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် ဂန္ထဝင် ကစားသမားကြီး ဂျင်မီဂရေ့ဗ် အသက်  ၈၁ နှစ် အရွယ်တွင် ကွယ်လွန်

အင်္ဂလန်လက်ရွေးစင် အသင်းနှင့်  စပါးအသင်းတို့တွင်  အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့်   ဂန္ထဝင် ကစားသမားကြီး ဂျင်မီဂရေ့ဗ်သည် စက်တင်ဘာ ၁၉ ရက် အသက် ၈၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဂျင်မီဂရေ့ဗ်သည် ကစားသမားဘဝက အင်္ဂလန် အသင်းနှင့်အတူ  စုစုပေါင်း ၅၇ ပွဲကစားထားပြီး ၄၄  ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ   အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်ကစားသမားများတွင် တစ်ဦးအပါအဝင် သတ်မှတ်ခံထားရသူ ဖြစ်ကာ စပါးအသင်းနှင့်လည်း စုစုပေါင်း ၂၇၉ ပွဲ ကစားခဲ့ပြီး ၂၆၆  ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ လက်ရှိအချိန်အထိ စပါးအသင်း သမိုင်းတစ်လျှောက်  သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

ဂျင်မီဂရေ့ဗ်သည် ကစားသမားဘဝကို  အသက် ၁၇ နှစ်အရွယ်တွင် ချယ်လ်ဆီးအသင်းနှင့် စတင်ခဲ့ပြီးနောက် အသင်းနှင့်  သုံးနှစ်အတွင်း  ၁၆၉  ပွဲအထိ ကစားခဲ့ကာ  သွင်းဂိုး ၁၃၂ ဂိုးအထိ သွင်းယူနိုင်ပြီး အသက် ၂ဝ အရွယ်နှင့်ပင် လိဂ်သွင်းဂိုး (၁ဝဝ) ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ဂန္ထဝင်ကစားသမား  ဂျင်မီဂရေ့ဗ်သည်   စပါး၊ ချယ်လ်ဆီး၊  အေစီမီလန်နှင့်  ဝက်စ်ဟမ်းအသင်းတို့တွင်လည်း ကစားခဲ့ဖူးပြီး ကစားသမားဘဝ ၁၄ နှစ်တာ ကာလအတွင်း စုစုပေါင်းသွင်းဂိုး ၃၆၆ ဂိုးအထိ သွင်းယူနိုင်ကာ ၂ဝ၁၇ ခုနှစ်အထိ  ၄၆ နှစ်အတွင်း   ဥရောပ ထိပ်တန်းလိဂ်ငါးခုတွင် သွင်းဂိုးအများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့သည်။

ဂျင်မီဂရေ့ဗ်သည် ကစားသမားဘဝတွင် အောင်မြင်မှုများစွာ ရယူနိုင်ပြီး စံချိန်ကောင်းများစွာ ရယူနိုင်ခဲ့သော်လည်း အရက်စွဲဝေဒနာကြောင့် အသက် ၃၁ နှစ်အရွယ်တွင် ကစားသမားဘဝမှ အနားယူခဲ့ရသူဖြစ်သည်။

ဂျင်မီဂရေ့ဗ်သည် အရက်အလွန်အကျွံ သောက်သုံးမှုကြောင့်  ၂ဝ၁၂ ခုနှစ်မှစ၍ လေဖြတ်ရောဂါဝေဒနာကို   ခံစားခဲ့ရပြီးနောက်ပိုင်း  ကျန်းမာရေး ဆိုးရွားကာ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref;Sky Sports