အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရန်အတွက် ဆွေးနွေး ညှိနှိုင်းသည့် အစည်းအဝေး ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၇

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရန်အတွက် ဆွေးနွေးညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ လူမှုဝန်ထမ်း ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနသည် ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီး ရွယ်အိုအထိ ဝန်ဆောင်မှုများ ပေး၍ ဆောင် ရွက်နေရသော   ဌာနတစ်ခုဖြစ်ကြောင်း၊ အမျိုးသမီး ကဏ္ဍမှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊  လူမှုရေးနယ်ပယ်မှာလည်း ကျယ်ဝန်းကြောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ၂ဝ၁၂ ခုနှစ်မှ စ၍ နိုင်ငံတော်အဆင့် ကျင်းပခဲ့ခြင်းသည် ကောင်းမွန်သည့် အစဉ်အလာဖြစ်ကြောင်း၊ အမျိုးသမီးများ အင်အားသည် တိုင်းပြည်အင်အားဖြစ်ကြောင်း၊ ယခင်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားအား နှစ်စဉ် ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ် မတ် ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အား COVID-19 အခြေအနေနှင့် ဆီလျော်သည့်ပုံစံဖြင့် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ တန်ဖိုးထားရသော အထိမ်းအမှတ် အခမ်းအနားလည်း ဖြစ်ကြောင်း  ပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ်တို့မှ ၂ဝ၂၁ ခုနှစ် မတ် ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရန် ဆောင်ရွက်နိုင် မည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရန်အတွက် အဆိုပြု ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန    အမြဲတမ်း အတွင်းဝန်က ဖြည့်စွက်အကြံပြုခြင်းနှင့် ပြည်ထောင်စု ဝန်ကြီးက   လမ်းညွှန်မှာကြားခြင်း တို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။