အမေရိကန်သမ္မတနှင့် ပြင်သစ်သမ္မတတို့ ရေငုပ်သင်္ဘော စာချုပ်ကိစ္စ မကြာမီ ဆွေးနွေးမည်

အမေရိကန်သမ္မတနှင့် ပြင်သစ်သမ္မတတို့ ရေငုပ်သင်္ဘော စာချုပ်ကိစ္စ မကြာမီ ဆွေးနွေးမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ပြင်သစ်သမ္မတ အမ်မန်နျူယယ်မက်ခရွန် တို့သည် သြစတြေးလျက  ဖျက်သိမ်းလိုက်သော အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိ  ရေငုပ်သင်္ဘောများ ဝယ်ယူရေး သဘောတူစာချုပ်နှင့် ပတ်သက်၍ လာမည့်ရက်ပိုင်းအတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

အမေရိကန်နှင့် သြစတြေးလျတို့ အနေဖြင့် တိတ်တဆိတ်ဆွေးနွေးမှုများ လုပ်ဆောင်ကာ သြစတြေးလျက ပြင်သစ်နှင့် စာချုပ်ကို ဖျက်သိမ်းပြီးနောက် ပြင်သစ်အစိုးရက အမေရိကန်နှင့် သြစတြေးလျတို့ရှိ သံအမတ်များကို   ပြန်ခေါ်ပြီး နောက်တစ်ရက် စက်တင်ဘာ ၁၉ ရက်တွင် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နှစ်နိုင်ငံသမ္မတများဆွေးနွေးရာတွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးသွားမည် ဖြစ်ပြီး ထိုသို့ဆွေးနွေးရန် တောင်းဆိုသူမှာ အမေရိကန်သမ္မတ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂါဘရီယယ်အက်တယ်က ပြောသည်။

သြစတြေးလျ-ဗြိတိန်-အမေရိကန် သုံးနိုင်ငံကာကွယ်ရေး မဟာမိတ်ဖွဲ့ကာ သြစတြေးလျက   အမေရိကန်ထံမှ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ဝယ်ယူခွင့်ရရှိပြီး ပြင်သစ်နှင့် စာချုပ်ဖျက်သိမ်းမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ အနေဖြင့် ဖြေရှင်းချက်ပေးရန်   ပြင်သစ်သမ္မတက တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။